24.8 C
Yangon

နိုင်ငံတစ်ဝန်းတွင် အကြားအာရုံ မသန်စွမ်းသူ အပါအဝင် ကျောင်းသားများနှင့် ပြည်သူ ၃၆ဦးကို စစ်တပ်က ဖမ်းဆီးညှဉ်းပန်းနေ၊ ကျောင်းသားခေါင်းဆောင် ကိုညီမင်းသူကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် သေဆုံး

Must read

ရန်ကုန်၊ မတ် ၇

နိုင်ငံတစ်ဝန်းရှိ LGBT ၁ဦးနှင့် အကြားအာရုံ မသန်စွမ်းသူ ၁ဦးအပါအဝင် ကျောင်းသား ၊ပြည်သူ ၃၆ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး အခြေခံပညာ ကျောင်းသားများသမဂ္ဂ – အကသ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုညီမင်းသူကို ပစ်ခတ် ဖမ်းဆီးခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း
============

မန္တလေးတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နယ်မြေအတွင်း လှုပ်ရှားမှု ပြုလုပ်နေသည့် အသက် ၁၅နှစ်အရွယ် ဗကသ ကျောင်းသား ၅ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဇန်နဝါရီလ ၃ရက်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှ သိရသည်။

မန္တလေးမြို့ အမရပူရမြို့နယ် မှန်တန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မန္တလေးခရိုင် ကျောင်းသားများ သမဂ္ဂ-ဥက္ကဌ ကိုအောင်မျိုး၊ ဗကသများအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး မသီရိရတနာနှ င့်CDM ကျောင်းဆရာ ကိုကျော်ဇင်လတ်တို့ကို မတ်လ ၂ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖမ်းဆီးသွားပြီး ယနေ့ ချိန်ထိ အဆက်အသွယ် မရသေးကြောင်း ဗကသများ အဖွဲ့ချုပ်ထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံရသော ကျောင်းသားလူငယ် ၃ဦးသည် မြေအောက် ယူဂျီလုပ်ငန်းများနှင့် ဆက်စပ်ခြင်း မရှိဘဲ ဗကသ၏ လှုပ်ရှားမှုအချို့တွင်သာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံထားရသည် မိသားစုနှင့် အဆက်သွယ် မရသော ကျောင်းသားလူငယ်များအတွက် လစဉ်ထောင်ဝင်စာအတွက် ပြင်ဆင်ပို့ပေးနေကြသူများသာ ဖြစ်ကြောင်း သိရသည်။

ထိုသို့ သုံးရက်ကြာ ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရသည့် ကျောင်းသားလူငယ် ၃ဦး၏ လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်နေရပြီး သံတိုင်များနောက်တွင် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့သူတွေအတွက် ထောင်ဝင်စာများ အချိန်မှန် ပို့ဆောင်မပေးနိုင်သည့်အတွက်လည်းများစွာ စိတ်မကောင်းဖြစ်မိကြောင်း ဗကသများ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်း
===========

ရန်ကုန်တိုင်း အရှေ့ဒဂုံမြို့နယ်တွင် အသက် ၁၆နှစ်အရွယ် ဗကသ ကျောင်းသား ၁ဦးကို ၎င်းနေအိမ်၌ပင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဇန်နဝါရီလ ၃ဝရက်နေ့ ၉နာရီ ၃ဝမိနစ်ခန့်တွင် အင်အားအလုံး အရင်းဖြင့် အကြမ်းဖက် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ထံမှ သိရသည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်နေသည့် အသက် ၁၆နှစ်အရွယ် ဗကသ ကျောင်းသား ၁ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၂နာရီ ၃ဝမိနစ်ခန့်တွင် အကြမ်းဖက် ဖမ်းဆီးခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ထံမှ သိရသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုံ့ဆော်စာရွက်များ ပြည်သူလူထုများအား ဖြန့်ဝေနေသည့် အသက် ၁၅ နှစ်အရွယ် ဗကသ ကျောင်းသား ၂ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ထံမှ သိရသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ မြို့နယ်သမဂ္ဂ အသီးသီးမှ ဗကသ ကျောင်းသားများ ယာယီ တည်းခိုနေထိုင်သည့် နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၅နာရီခန့်တွင် အကြမ်းဖက် ဝင်ရောက် စီးနင်းပြီး အခြေခံပညာ ကျောင်းသားများသမဂ္ဂ – အကသ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုညီမင်းသူ စစ်တပ်က ပစ်သတ်ကာ ဗကသ ကျောင်းသား ၈ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)ထံမှ သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့သော ဗကသ ကျောင်းသား/ကျောင်းသူ ၈ဦးသည် အသက် ၁၈ နှစ် မပြည့်သေးသော အခြေခံပညာ အလယ်တန်း/ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများဖြစ်ကာ အကြမ်းဖက် ဖမ်းဆီးခံရစဉ်တွင် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု စစ်တပ်၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားပြီး လက်နက်မဲ့ ကျောင်းသားများအား ဖက်ဆစ် စစ်တပ်က ပစ်ခတ် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ် ၅ရက်နေ့ ည ၁ဝနာရီ မိနစ် ၂ဝခန့်၌ လူငယ် ၄ဦးကို အကြောင်းမဲ့ ဖမ်းဆီးကာ ကားလမ်းမပေါ် လက်မြှောက်ထိုင်ခိုင်းပြီး ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ခ ရပ်ကွက် မြရတနာ ၁၀ လမ်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သားဖြစ်သူကို ဖမ်းဆီး ရမိခြင်း မရှိသောကြောင့် မိဘ ၂ဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၁နာရီ ၃ဝမိနစ်ခန့်၌ အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း North Okkalapa Information အဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်း
===========

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာ ပရဟိတ လုပ်ဆောင်နေသည့် ကိုဇေယျထွန်း၊ ကိုဇေယျထွေးနှင့် ကိုပိုင်သူ တို့(၃)ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၈ရက်နေ့ နံနက် ၈နာရီခန့်တွင် သရက်နှစ်ခွရွော၌ပင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ပရဟိတ လုပ်ဆောင်နေသည့် လူငယ် ၃ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက နိုင်ငံရေး လုပ်ဆောင်နေသည့် စွတ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ သရက်ချောင်းမြို့မ ရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့၊သင်္ဘောဆိပ်ရပ်ကွက်၊ ယင်းမာလမ်းတွင် နေထိုင်သော ကိုအောင်ဆိုသူကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အကြောင်းမဲ့ ဖမ်းဆီးသွားသော ကိုအောင်ကို လက်ရှိချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် ၃ လမ်းတွင် နေထိုင်သော မိတ်ကပ်ပညာရှင် LGBT တစ်ဦးဖြစ်သူ မငယ်ငယ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၇ရက်နေ့ ညနေ ၄နာရီခန့်တွင် အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားကာ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့ ပိန္နဲတောရပ်ကွက် ကုန်မာဆိုင်တစ်ဆိုင်တွင် အလုပ်ကိုင်နေသည့် ကိုဝေယံ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၇ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို လက်ရှိချိန်ထိ မသိရှိရသေးကြောင်း သိရသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့ ကညုံရပ်ကွက် တိုက်သစ်ကျောင်းလမ်းရှိ ဝက်ရှော့တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ကိုအောင်ထူးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၇ရက်နေ့ ညနေ ၃နာရီခန့်တွင် အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက် သြဘာလမ်းတွင် နေထိုင်သော ကိုကျော်မင်းဦးနှင့် သူငယ်ချင်းဖြစ်သူ တစ်ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၆ရက်နေ့ ညနေ ၃နာရီခန့်တွင် အကြောင်းမဲ့ ရိုက်နှက် ဖမ်းဆီးခဲ့ပြီး ဝဲကျွန်းခရိုင် စစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

မကွေးတိုင်း
=======

မကွေးတိုင်း မြိုင်မြို့နယ် တောင်ပိုင်း နှမ်းဆီကန် အရှေ့မြောက်ဘက် သရက်ကန်ရွာ အရှေ့တောင်ဘက် စိုကန်တိုက်ရွာအနီး တောင်ယာတွင် တဲထိုးနေထိုင်သည့် ကိုသန်းဌေးဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့များက အကြောင်းမဲ့ ဝင်ရောက် ရိုက်နှက်ဖမ်းဆီးသွားကြောင်း We Love Mying အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။

“တောတိုက်ထဲကို ဖေဖော်ဝါရီလ ၂၈ရက်နေ့က လူတစ်စု ရောက်လာပြီး တောတိုက်နေ သရက်ကန်ရွာသား ကိုသန်းဌေးဦး တဲကို လူတစ်စု ရောက်လာပြီး လက်နက်ရှိတယ်။ ရှာဆိုပြီး တဲတွင်း တဲပြင် လက် နက်ရှာတယ်တဲ့ အဲဒါမတွေ့တော့ တဲပိုင်ရှင်ဖြစ်တဲ့ ကိုသန်းဌေးဦးကို ဖမ်းပြီး လက်ပြန်ကျိုးတုပ်ပြီး ရိုက်နှက်တာတွေလုပ်ပြီး ဖမ်းခေါ်သွားတယ်။ အခုထိ သေလား ရှင်လား ဘာသတင်း မှ မရသေးဘူး” ဟု We Love Mying အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်း
=======

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် မတ်လ ၆ရက်နေ့ ညပိုင်းက အကြားအာရုံ မသန်စွမ်းသူ ကိုမင်းခန့်ကို အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များက ရိုက်နှက်ဖမ်းဆီးသွားပြီး မည်သည့် နေရာတွင် ဖမ်းဆီးထားသည်ကို လက်ရှိချိန်ထိ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article