29 C
Yangon

လွိုင်ကော်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၈

ယနေ့ မတ်လ ၈ ရက် နေ့လယ် ၁၂ နာရီခွဲတွင် အကြမ်းဖက်စစ်ကောင်စီက ရမ်းကားပစ်ခတ်သော လက်နက်ကြီး ကျည် ၁ လုံးသည် လွိုင်ကော်မြို့နယ်၊ လွယ်ထွဲရွာအတွင်း ကျရောက်ပေါက်ကွဲပြီး မိသားစု ၁ စုမှ ကလေးငယ် ၃ ဦးသေဆုံးကာ ၎င်းတို့၏ ဖခင်ဖြစ်သူနှင့် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

လက်နက်ကြီးထိမှန် သေဆုံးသွားသည့် ကလေးငယ်များသည် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်နှင့် ၇ နှစ်အရွယ် ယောကျာ်းလေး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အနီးတွင်ရှိနေသည့် ၎င်းတို့၏ ဖခင်ဖြစ်သူနှင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦးမှ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

“ဒီနေ့လယ် ၁၂ နာရီခွဲမှာ လွယ်ထွဲရွာ ကစားကွင်း အပင်ကြီးအောက်မှာ ကလေးတွေ ကစားနေတဲ့နေရာကို လက်နက်ကြီးကျတာ၊ ၃ ဦး ပွဲချင်းပြီးသေတယ်၊ ၂ ဦး ဒဏ်ရာပြင်းထန်တယ်၊ ၁၀ နှစ်ဝန်းကျင် ကလေးတွေပေါ့။ အဲဒီနားမှာ တိုက်ပွဲဖြစ်တာ မရှိဘူး” ဟု ကရင်နီဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါ မိုးဗြဲနှင့် လွိုင်ကော်ကြား၊ ကယန်းသာယာလမ်းစုံအနီးရှိ လွယ်ထွဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးဖြင့် အများပြည်သူနေထိုင်ရာ ရွာအတွင်း သို့ ပစ်ခတ်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ကရင်နီပြည်နယ်တွင် အင်အားအလွန်အကျွံသုံးကာ ကုန်းကြောင်း၊ လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ လိုဘာခိုကျေးရွာ၊ ဆောင်ဒူလာကျေးရွာများအပါအဝင် အများပြည်သူနေထိုင်ရာ ကျေးရွာများ၊ စစ်ရှောင်များ ပုန်းခိုရာနေရာများကို ချိန်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article