29 C
Yangon

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံဂိတ်တွင် ဗိုလ်ကြီးသက်နိုင်ဦးက ကားသမားများထံမှ အဆမတန်အခွန်ကောက်ခံ၍ ငွေညှစ်နေပြီး လူငယ်များကိုလည်း ပေါ်တာဆွဲဖမ်းဆီးကာ ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်း

Must read

ရန်ကုန်၊ ဇွန် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်တွင် ဗိုလ်ကြီးသက်နိုင်ဦးက ကားသမားများထံမှ အဆမတန်အခွန်ကောက်ခံ၍ ငွေညှစ်နေပြီး လူငယ်များကိုလည်း ပေါ်တာဆွဲဖမ်းဆီးကာ ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလနှင့် မေလ အတွင်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံဂိတ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၇ တပ်မှ ဗိုလ်ကြီး သက်နိုင်ဦး (ခ) ဗိုလ်စိုး ဆိုသူသည် ဂိတ်ရာထူးနေရာရရှိရေးအတွင် အထက် အရာရှိကြီးများကို ငွေကျပ်သိန်း ၅၀၀ လာဘ်ပေးကာ ဝယ်ယူခဲ့ကြောင်း သိရသည်။

ထို့နောက် ဗိုလ်ကြီး သက်နိုင်ဦး (ခ) ဗိုလ်စိုး မုပ္ပလင်လမ်းဆုံဂိတ်တွင် တာဝန်ယူချိန်မှ စတင်ပြီး လက်ရှိချိန်ထိ လမ်းသွားလမ်းလာပြည်သူများ၊ ကားသမားများနှင့် လူငယ်များကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးကာ ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။

ဗိုလ်ကြီးသက်နိုင်ဦး (ခ) ဗိုလ်စိုးသည် မြဝတီဘက်မှ တက်လာသော ကားသမားများထံမှ အတင်းအဓမ္မ ငွေတောင်းခံခြင်း၊ ညှိနှိုင်းမရသည့် ကုန်သည်များ၏ ကုန်ပစ္စည်းများကို ဖမ်းဆီးကာ အနီးနားရှိ ဘုန်းကြီးကျောင်းတွင် သိမ်းဆည်းထားပြီး ၎င်း၏ တပည့်ဖြစ်သူများကို ပြန်လည်ရောင်းချခိုင်းခြင်းများ ပြုလုပ်နေကြောင်း၊ ထို့ပြင် ကားပေါ်ရှိ ခရီးသည်များတွင် မှတ်ပုံတင်မပါပါက ငွေကျပ် ၅ သောင်းအထိ တောင်းခံပြီး လူငယ်များကို ပေါ်တာဆွဲခြင်း၊ ကုန်ကားသမားများက လမ်းခရီးတွင် ဓာတ်ဆီ၊ ဒီဇယ် များ လုံလောက်စွာ ဝယ်ယူနိုင်ခြင်းမရှိသောကြောင့် လောင်စာဆီများ အပိုတင်ဆောင်လာသည်ဆိုကာ ဖမ်းဆီးပြီး တရားမဝင်ဘူးဟုဆိုကာ ငွေသိန်း ၅၀ တောင်း၍ အဆမတန် ဒဏ်ရိုက်ကာ ငွေညှစ်ခြင်းများပါ လုပ်ဆောင်နေကြောင်း သိရသည်။

“မုပ္ပလင်လမ်းဆုံဂိတ် ခမရ ၂၀၇ တပ်ရင်းက ဗိုလ်ကြီးသက်နိုင်ဦး(ခ)ဗိုလ်စိုးက မြဝတီဘက်မှ တက်လာတဲ့ ကားသမားတွေဆီကနေ ငွေတောင်းခံတာ ညှိနှိုင်းမရတဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးပြီး အနီးအနားဘုန်းကြီးမှာ သိမ်းဆည်းတယ်။ ပြီးရင် သူ့တပည့်တွေကိုပြန်ရောင်းခိုင်းတယ်။ ကားပေါ်မှာခရီးသည်တွေ မှတ်ပုံတင်မပါရင် ငွေ ၅ သောင်းထိတောင်းခံတယ်။ ပေါ်တာဆွဲဖမ်းဆီးတာ အတင်းအဓမ္မလုပ်ဆောင်နေပါတယ်။ ကုန်ကားတွေ ဖောကားတွေမှာ တချို့ ကားသမားတွေကို သူတို့လမ်းသွားဖို့ အတွက် ဓာတ်ဆီတို့ ဒီဇယ်တို့ ၃ ပုံးလောက် အပိုဆောင်ပြီး တင်လာတယ်။ တင်လာတဲ့ဟာကို ဖမ်းဆီးတယ်။ ကားသမားတွေကလည်း မတက်နိုင်လို့ ပေးရတယ်။ ပေးပေမယ့် ဓာတ်ဆီ၊ ဒီဇယ်တို့ ဖမ်းပြီး ဒဏ်ငွေရိုက်တယ်ဆိုပြီးတော့ သိန်း ၅၀ လောက် ရိုက်တယ်။ အဲ့စစ်ခွေး အဲ့ဂိတ်ကို နေရာရဖို့အတွက်ကို အပေါ်လူကြီးတွေကို သိန်း ၅၀၀ ပေးပြီး ဝယ်ထားတယ်။ အဲ့တော့ ဒီငွေပြန်ရအောင်လုပ်မယ်ဆိုပြီးတော့ ပြည်သူတွေကို ငွေကြေးညှစ်ပြီး တောင်းရမ်းနေတာ” ဟု ခရီးသွားပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် အာဏာမသိမ်းခင်ကာလက ထိုဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များသာ အခြေစိုက်ပြီး ငွေကြေးကောက်ခံမှု သာမန်မျှသာ ရှိခဲ့သော်လည်း တော်လှန်ရေးကာလအတွင်း အကြမ်းဖက် စစ်တပ်သားများပါ လာရောက်ပူးပေါင်း အထိုင်ချပြီး ငွေကြေးကောက်ခံမှု တဖြေးဖြေး များပြားလာကြောင်း၊ လက်ရှိချိန်တွင် ဗိုလ်ကြီးသက်နိုင်ဦး (ခ) ဗိုလ်စိုးက ဦးဆောင်ပြီး စစ်သားနှင့် ရဲ အင်အား ၃၀ ခန့်ကို ဦးဆောင်ကာ ပြည်သူများထံမှ ငွေညှစ်မှုများဆိုးဆိုးဝါးဝါး ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဧပြီလနှင့် မေလပိုင်းကလည်း ဗိုလ်ကြီးသက်နိုင်ဦး (ခ) ဗိုလ်စိုးသည် ၎င်း၏တပည့်များနှင့်အတူ အိမ်စီးကား ၄ စီးဖြင့် လှည့်ပတ်ကာ အနီးနားရှိ ကျေးရွာများနှင့် သိမ်ဇရပ်မြို့အနီးတစ်ဝိုက်မှ လူငယ်များကို သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ပြီး အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးကာ မိသားစုဝင်များထံမှ ငွေကျပ် သိန်း ၁၅၀ ဖြင့် ပြန်ရွေးခိုင်းပြီး မရွေးနိုင်သည့် လူငယ်များကို စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“အဲ့ဂိတ်က အရင်တုန်းက အဲ့လောက်မဆိုးဘူး။ ဒီနှစ် ဧပြီလလောက်မှာ အဲ့စစ်ခွေး ဗိုလ်ကြီး ရောက်လာပြီး ၂ လအတွင်းမှာ လမ်းသွားလမ်းလာပြည်သူတွေကို ငွေညှစ်တောင်းရမ်းတာ တော်တော်ဆိုးလာတာ ပြီးခဲ့တဲ့ လက စပြီးတော့ သိမ်ဇရပ်မြို့တစ်ဝိုက် အနီးနားရွာတွေက လူငယ်တွေကို နေ့တိုင်း အတင်းအဓမ္မ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲနေတာ။ အဓိကတော့ အဲစစ်ခွေးက သူ့တပည့်တွေနဲ့ ကားအသေး ၄ စီးနဲ့ လှည့်ပတ်ပြီး ဘေးနားကရွာတွေမှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတယ်၊ စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းတာတွေလုပ်တယ်။ သေနတ်တွေနဲ့ ရမ်းသန်းပစ်ဖောက် ခြိမ်းခြောက်တာတွေ ရှိတယ်။ အဲ့လို လူငယ်တွေကို ဖမ်းဆီးပြီး သိန်း ၁၀၀ နဲ့ ၁၅၀ အထိတောင်းပြီး ပြန်ရွေးခိုင်တယ်။ ညှိလို့ရတဲ့ သူကို ပြန်လွတ်ပေးတယ် မရတဲ့သူကို စစ်မှုထမ်းထဲ ထည့်လိုက်တယ်” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက် ပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article