31 C
Yangon

လူမဆန်သောလုပ်ရပ်များနှင့် အကြမ်းဖက်စစ်ကောင်စီ

Must read

လမ်းသစ်

လတ်တလောဖတ်မိသည့် သတင်းနှစ်ပုဒ်ကြောင့်ပင် ယခုစာစုကို ရေးဖြစ်ခြင်း ဖြစ်သည်။ ပထမသတင်းက ရုရှ-ယူကရိန်းစစ်ပွဲနှင့် ပတ်သတ်သည်။ ယူကရိန်းစစ်ဘေးဒုက္ခသည်များကို ဂျာမနီပြည်သူများက ဘူတာရုံတွင် ကြိုဆိုစောင့်မျော်နေသည့် သတင်းဖြစ်သည်။

ဂျာမနီပြည်သူများ၏ လက်တွင်လည်း မိမိတို့နေအိမ်များတွင် ကလေး၊ လူကြီး မည်မျှအရေအတွက် နေထိုင်ကြောင်း ရေးသားထားသည့် စာရွက်များကို ထင်ထင်ရှားရှား မြင်တွေ့နိုင်စေရန် ကိုင်မြောက်ထားကြသည်ကို ဓါတ်ပုံများတွင် တွေ့ရသည်။

နိင်ငံ၊ လူမျိုး မတူညီသော်လည်း အတိဒုက္ခရောက်နေသူများကို စာနာစိတ်ဖြင့် လက်ကမ်းဖေးမ နေခြင်းလည်းဖြစ်သည်။ လူသားချင်းစာနာမူ လူသားဆန်မူဟုပင် ဆိုရမည်ဖြစ်သည်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်သည်။ ယင်းသတင်းကို ဖတ်နေရင်းပင် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ခဲ့ရပြီး အာဏာရှင်စနစ်မှာ မည်မျှဆိုးရွားကြောင်း မြင်သာစေခဲ့ပြန်သည်။

စစ်ကောင်စီက နေအိမ်နှင့် ပိုင်ဆိုင်မှုအားလုံးကို တရားမဲ့စွာဖြင့် ချိတ်ပိတ်ခဲ့မူကြောင့် နေစရာပင်မရှိတော့ဘဲ ကျန်းမာရေးမကောင်းဖြစ်ကာ ကွယ်လွန်ခဲ့သည့် ပြည်သူတစ်ဦးအကြောင်း ဖြစ်သည်။ ကွယ်လွန်ခဲ့သူမှာ တောင်ငူမြို့နယ် တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးမိုးမခ၏ ယောက္ခမဒေါ်ခင်ဝင်း ဖြစ်သည်။ ဦးမိုးမခမှာမူ စစ်အာဏာသိမ်းစဉ်ကပင် တိမ်းရှောင်နေရခြင်းဖြစ်သည်။

ရှောင်တိမ်းနေသော ဦးမိုးမခကို ဖမ်းမမိသောကြောင့် ယေက္ခမဖြစ်သူ ဒေါ်ခင်ဝင်း နှစ်ပေါင်းများစွာ နေထိုင်လာသောနေအိမ်ကို ဖေဖော်ဝါရီ ၁၂ရက်က စစ်ကောင်စီမှ အင်အားသုံးလာရောက် ချိတ်ပိတ်ခဲ့ပြီး ၎င်းတို့မိသားစုမှာ မည်သည့်ပစ္စည်းမှ မသယ်ယူနိုင်ဘဲ နေအိမ်မှဖယ်ပေးခဲ့ရကာ နေစရာမရှိ ဖြစ်ခဲ့ရသည်။ ထိုနောက် ဒေါ်ခင်ဝင်းမှာ စိတ်ထိခိုက်ပြီး နေမကောင်းဖြစ်၍ ဆေးရုံတက်ကုသခဲ့သော်လည်း ကွယ်လွန်ခဲ့ရခြင်း ဖြစ်သည်။

ဒေါ်ခင်ဝင်း၏နာရေးကို အိမ်ဘေးမြေကွက်လပ်တွင်ပင် လုပ်ခွင့်မရဘဲ၊ လမ်းဘေးတွင်ပင် နာရေးလုပ်၊ လမ်းဘေးမှာပဲ သင်္ဂြိုဟ်၊ လမ်းဘေးမှာပဲ ဆွမ်းသွတ်ခဲ့ရသည်။ ဒေါ်ခင်ဝင်းတို့မိသားစုမှာ အကြမ်းဖက်စစ်ကောင်စီ၏ မဲမဲမြင်ရာသဲနှင့်ပက်သည့် လူမဆန်သောလုပ်ရပ်ကြောင့် တန်ဆာခံဖြစ်ခဲ့ရခြင်းပင် ဖြစ်သည်။

စစ်ကောင်စီက ၎င်းတို့ကိုဆန့်ကျင်တော်လှန်သူများနှင့် ပတ်သတ်သည့် နေအိမ်များကို ချိပ်ပိတ်နေရာ လွတ်တော်ကိုယ်စားလှယ်များအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဆက်စပ်သူ ၁၄၀ ၀န်းကျင်၏ နေအိမ်များမှာ ချိပ်ပိတ်ခံခဲ့ရသည်ဟု BBCသတင်းကဆိုသည်။ ထိုအပြင် PDFနှင့်ပတ်သတ်သည်ဟု သံသယရှိသူများ၏ နေအိမ်များစွာကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သည့်သတင်းများ မကြာခဏ ကြားနေရသည်။

နေအိမ်ချိပ်ပိတ်မူဖြစ်စဉ်များမှာ ဥပဒေနှင့်မညီဟု ဥပဒေပညာရှင်များက ဝေဖန်ပြောဆိုနေမူများရှိသော်လည်း စစ်ကာင်စီက ၎င်းတို့ကိုဆန့်ကျင်သူများကို နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ကာ အကြောက်တရားကို ရိုက်သွင်းနေခြင်းလည်း ဖြစ်သည်။

သမတ်ကိုမတွေ့၍ ယောက်ခမ၏နေအိမ်ကို ချိပ်ပိတ်ခံခဲ့ရသော ဒေါ်ခင်ဝင်းမိသားစုကဲ့သို့ ဖြစ်စဉ်မှာမူ စစ်ကောင်စီ၏ လူမဆန်မူ၊ လူသားချင်းစာနာစိတ်မရှိမူကို ပြသနေခြင်းပင် ဖြစ်သည်။ ရွာလုံးကျွတ်မီရှို့မူအပါအဝင် အကြမ်းဖက်လုပ်ရပ်များကို နေရာဒေသမရွေး နေ့စဉ်ကျူးလွန်နေသည့် စစ်ကောင်စီအဖို့တော့ ယင်းကဲ့သို့လုပ်ရပ်မျိုးက မထူးဆန်းဟုဆိုရမည်။

စောင့်စည်းလိုက်နာရမည့် နိုင်ငံတကာအပါအဝင် ဥပဒေများ၊ စည်းမျည်းများ၊ ကျင့်ဝတ်များကို စစ်တပ်က တိုင်းရင်းသားဒေသများတွင် ဆယ်စုနှစ်များစွာကပင် ချိုးဖောက်ခဲ့ကြသည် မဟုတ်ပါလား။ အာဏာသိမ်းပြီး နောက်ပိုင်းတွင်လည်း ပြည်သူငါးသိန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရမူများမှာ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ် များကြောင့်ပင်ဖြစ်သည်။

အထက်ကဆိုခဲ့သည့်အတိုင်း ဂျာမနီပြည်သူများက နိုင်ငံနှင့်လူမျိုး မတူညီသော်လည်း စစ်ပွဲ၏မြေစာပင် ယူကရိန်းပြည်သူများကို စာနာမူဖြင့် ဖေးမနေကြသည်။ စစ်ကောင်စီနှင့်လက်ပါးစေများမှာမူ မိမိပြည်သူများကို လူမဆန်သည့် လုပ်ရပ်များကို ကျူးလွန်နေကြခြင်းပင် ဖြစ်သည်။

တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏လုပ်ရပ်များကြောင့် ဒေါ်ခင်ဝင်းတို့မိသားစုကဲ့သို့ ဘဝပျက်သေကျေခဲ့ရသည့် ပြည်သူများစွာ ရှိနေသည်မှာလည်း ယုံမှားသံသယဖြစ်ဖွယ်မရှိ။ ဒေါ်ခင်ဝင်းတို့မိသားစုလို ပြည်သူများ နောက်ထပ်မရှိစေရေးမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရန်သာ ဖြစ်ပေတော့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article