25 C
Yangon

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ချင်းမိုင်တွင် တွေ့ဆုံမှု လေးကေ့ကော်မြို့သစ်ကိစ္စဖြစ်ပြီး နိုင်ငံရေးမပါဝင်၊ KNU က စစ်အာဏာရှင် ဖြုတ်ချရေး NUCC တွင် ပါဝင်ထားပြီးဖြစ်ဟု ပြော

Must read

By ရန်ကုန်ခေတ်သစ်

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးသည် နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါနှင့် ထိုင်းနိုင်ငံ၊ချင်းမိုင်တွင် ယနေ့ တွေ့ဆုံမှု လေးကေ့ကော်မြို့သစ်ကိစ္စအတွက်ဖြစ်သည်ဟု သိရှိထားပြီး နိုင်ငံရေးမပါဝင်ကြောင်း၊ KNU က စစ်အာဏာရှင်ဖြုတ်ချရေးအတွက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တွင် စုစည်းပါဝင်ထားပြီးဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတာနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မေး။ ။ ဒီနေ့ ချင်းမိုင်မှာ လုပ်တဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအဖွဲ့ရယ်၊ မြန်မာနိုင်ငံကလာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက သွားတွေ့တယ်ဆိုတော့ အဲဒီဟာက KNU ကိုယ်စားသွားတက်တာလားဗျ။

ဖြေ။ ။ ကျနော်သိတာကတော့ ကျနော်တို့ ဥက္ကဋ္ဌက လေးကေ့ကော်မြို့သစ်ကို တည်ဆောက်တုန်းက သူကိုယ်တိုင် ကမကထ လုပ်ပြီးတော့ အဲဒီတုန်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ လက်တွဲပြီး လုပ်ခဲ့တယ်။
အဲဒီမှာ ကုန်ကျတဲ့ ရန်ပုံငွေအားလုံးကို နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက အကုန်လုံး အကုန် အကျခံခဲ့တယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ။ အဲဒီကိစ္စနဲ့ သွားတွေ့တာပဲလို့ ကျနော်တို့ သိရတယ်။ ကျန်တာ ဘာမှ မသိပါဘူး ခင်ဗျ။

မေး။ ။ အဲဒါဆို KNU ကိုယ်စားပြုပြီး သွားတာ မဟုတ်ဘူးလို့ ပြောလို့ရလားခင်ဗျ။

ဖြေ။ ။ ကျနော်သေချာပြောနိုင်တာ တခုက နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ မသိရဘူး၊ ဒီမှာလည်း ဘာမှ ပြောသံဆိုသံ မရှိဘူး၊ ကျနော်တို့ အဆက်အသွယ်မရှိဘူးလို့ ပြောလို့ရတယ်။ သူ သွားတွေ့တာကတော့ အထူးသဖြင့် ဒီ ဆာဆာကာဝါနဲ့ သွားတွေ့တာဆိုတာက လေးကေ့ကော်မြို့နဲ့ပတ်သက်တဲ့ အကြောင်းပဲလို့ ကျနော်တို့ နားလည်ထားတယ်။ တခြားဟာတော့ ကျနော်တို့ မသိဘူးခင်ဗျ။

မေး။ ။ ဒီနေ့ ချင်းမိုင်မှာ ဆာဆာကာဝါနဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေနဲ့ စောမူတူးစေးဖိုး၊ RCSS/SSA၊ KNPP၊ PPST အဖွဲ့တွေ တွေ့ကြတယ်ဆိုတော့ ဒီဆွေးနွေးပွဲက ဘာအကြောင်းများဖြစ်မလဲ၊ ဘယ်လို သုံးသပ်လဲဗျ။

ဖြေ။ ။ ကျနော် သေချာပြောလို့မရဘူးဗျ၊ ကျနော်တို့ကလည်း သတင်းကြည့်ပြီးတော့ ခန့်မှန်းနေရတဲ့ အနေအထားပါပဲ။ သိရသလောက်တော့ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တွေ ပါတယ်လို့တော့ သိတယ်။

ကျနော်တို့ဘက်ကတော့ ရှင်းပါတယ်၊ ပြီးခဲ့တဲ့လက ပြည်ထောင်စုနေ့ဆိုပြီးတော့ ဘာသဘင် ညာသဘင်တွေ လုပ်ပြီးတော့ ကျနော်တို့ကို ခေါ်တာလည်းရှိတယ်၊ အဲဒီမှာ ကျနော်တို့က လုံးဝ လက်မခံဘဲနဲ့ ပြတ် ပြတ်သားသား ရပ်တည်တာ ရှိတဲ့အပေါ် ဒီတခါလည်း စစ်ကောင်စီက လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အခါကျတော့ ကျနော်တို့လည်း ထွေထွေထူးထူး ကျနော်တို့အထဲမှာ ဘာမှ ပြောသံဆိုသံတောင် မကြားမိဘူးဗျ။

မေး။ ။ အဲဒါဆိုတော့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ဒီတော်လှန်ရေးမှာ စစ်ကောင်စီနဲ့ လုံးဝ မဆွေးနွေးဘူးဆိုတဲ့ မူဝါဒကို ကိုင်စွဲထားတုန်းပဲလို့ ပြောလို့ရမလားဗျ။

ဖြေ။ ။ အဲဒါပြောခြင်းထက် အဓိကကတော့ ကျနော်တို့က စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စစ်အာဏာ ရှင် ပြုတ်ကျရေးအတွက် ကျနော်တို့နဲ့ ဘုံရည်မှန်းချက်တူနေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲလာတဲ့အခါမှာ အခုဆိုရင် NUCC မှာ အားလုံးပေါင်းစည်းလာတယ်လေ။

အဓိက ရည်မှန်းချက်က စစ်အာဏာရှင်ပြုတ်ကျရေးပဲလေ။ စစ်အာဏာရှင်ပြုတ်ကျရေးကို နိုင်ငံရေးရည် မှန်းချက်အနေနဲ့ ပထမ ဦးစားပေးလုပ်တဲ့အခါကျတော့ အဲဒါနဲ့ နောက်ဆက်တွဲ ကျနော်တို့ ဘာလုပ်သင့်တယ်ဆိုတာတော့ မေးခွန်းထုတ်စရာ မလိုတော့ပါဘူး။ အဲဒါကြောင့်မို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သူတို့နဲ့ တွေ့သင့်တဲ့အချိန်လား တွေ့ရမယ့်အချိန်လားဆိုတာ ကိုယ့်ဟာကိုယ်ပဲ ဆုံးဖြတ်ရမယ့် အချိန်ပဲလေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article