ရန်ကုန်၊ မတ် ၁၂
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ တီအိုချောင်းအနီး တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ယနေ့နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကြောင်း သတင်းရရှိသည်။
“တိုက်ပွဲက ၆ နာရီ ကျော်လောက်မှာ စဖြစ်တယ်၊ အမှတ်(၂)ရပ်ကွက် စကစတွေ စခန်းချထားတဲ့နေရာကို ကျတော်တို့ CNDF က သွားပစ်ကြတယ်၊ စကစ ဖက်က သုံးကောင်ကျတယ်၊ အဲဒီထဲမှာ အရာရှိတစ်ယောက်ပါမယ်လို့တော့ ခန့်မှန်းရတယ်၊ ကျနော်တို့ဘက်က အထိအခိုက်မရှိဘူး” ဟု CNDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ဆိုသည်။
မတ်လ ၅ ရက်နေ့တွင် အဆိုပါ တောင်ကုန်းစခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး သေဆုံးခဲ့သည်။
ရိခေါဒါရ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ တီအိုချောင်းအနီး တောင်ကုန်းစခန်းမှ ရဲ ၄ ဦးသည် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ မတ်လ ၆ ရက်နေ့တွင် အလင်းဝင်ခဲ့သလို မတ်လ ၁၀ ရက်နေ့တွင် အဆိုပါ စခန်းမှ စစ်သား ၁ ဦး လက်နက်၊ ကျည်ဆံများနှင့်အတူ အလင်းဝင်လာခဲ့ကြောင်းလည်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဓါတ်ပုံ – စစ်ကောင်စီစခန်း