25 C
Yangon

တန့်ဆည် စိမ်းစားရွာမှ မသဲအိဖြူနှင့် အဘွားအိုတစ်ဦးကို စစ်တပ်က မီးရှို့ သတ် ဖြတ်ပြီး ရွာကို မီးရှို့ ၊ မြင်းခြံတွင်လည်း စစ်တပ်က သတ်ဖြတ်ထားသော အလောင်း ၆ လောင်းကို လူခြေတိတ်ချိန် လာပစ်သွား

Must read

ရန်ကုန်၊ မတ် ၁၂

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည် စိမ်းစားရွာမှ မသဲအိဖြူနှင့် အဘွားအိုတစ်ဦးကို စစ်တပ်က မီးရှို့ သတ် ဖြတ်ပြီး ရွာကိုလည်း မီးရှို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် စိမ်းစားကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၂ရက်နေ့ မွန်းလွဲ ၁နာရီ ကျော်ခန့်တွင် သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ အသက် ၁၅နှစ်အရွယ် မသဲအိဖြူကို စစ်တပ်က ပစ်သတ်ကြောင်း၊ အသက် ၇ဝ အရွယ် အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ ရွာကို စီးနင်း မီးရှို့နေကြောင်း Taze Support Organization အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။

စစ်တပ်က ပစ်သတ်ခဲ့သည့် အသက် ၁၅နှစ်အရွယ် မသဲအိဖြူသည် ရင်ဘတ်နှင့်ပေါင်တို့တွင် သေနတ် ကျည်၂ချက် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် ၇ဝ အရွယ် အဖွားအိုသည် မသန်စွမ်းသူ ဖြစ်၍ စစ်သားများ ရွာသို့ ဝင်ရောက်လာချိန်၌ ထွက်ပြေးနိုင်ခြင်းမရှိဘဲ မီးရှို့ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စိမ်းစား ကျေးရွာအတွင်းရှိ နေအိမ် ၅လုံးခန့် မီးရှို့ဖျက်ဆီး ခံထားရကာ အသက်အရွယ် ကြီးရင့်သော လူကြီးများ ရွာထဲတွင် ပိတ်မိနေကြောင်း၊ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း မြင်းခြံမြို့နှင့် တောင်သာ အစပ်ရှိ နန်းမြင့်ရွာနှင့် ဘုရားလှရွာကြားတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၁၁ရက်နေ့ ညပိုင်း သတ်ဖြတ်ထားသော အလောင်း ၆လောင်း လာပစ်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ထို စစ်ကောင်စီ တပ်ဖွဲ့များက နန်းမြင့်ရွာနှင့် ဘုရားလှရွာကြားတွင် ရုပ်အလောင်း ၁လောင်း၊ ဘုရားလှရွာနှင့် ဖက်တောရွာကြားတွင် ရုပ်အလောင်း ၅လောင်း ကို မတ်လ ၁၁ရက်နေ့ နံနက် အစောပိုင်းတွင် လာရောက်ပစ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တပ်က လာပစ်သွားသော အလောင်းများသည် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ယင်းအလောင်းများကို တောင်သာဆေးရုံက လူနာတင်ကားဖြင့် လာရောက် သယ်ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article