25 C
Yangon

ကရင်နီတိုက်ပွဲတွင် စစ်တပ်က အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) များအသုံးပြု၊ ဒေါငံခါးကို ယာယီ ဆုတ်ခွာလိုက်ရဟု KNDF ထုတ်ပြန်

Must read

ရန်ကုန်၊ မတ် ၁၃

ကရင်နီပြည်နယ် တိုက်ပွဲတွင် စစ်တပ်က အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) များအသုံးပြုလျက်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ကရင်နီပြည်နယ်ကို နယ်မြေစိုးမိုးမှု ရရှိရန် အကြမ်းဖက်စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဦးစီးကွပ်ကဲ၍ စစ်ဆင်ရေးကို ဆောင်ရွက်နေပြီး မြေပြင်စိုးမိုးမှု ရရှိရန်အတွက် လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ ဝေဟင်မှ လေကြောင်းတိုက်ခိုက်ခြင်းများအပြင် ယခုနောက်ဆုံး အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) များပါ အသုံးပြုခွင့်ပြုခဲ့ကြောင်း၊ အတွဲလိုက်ဒုံး Multiple Rocket Launcher System(MRLS) ပစ်ကား ၃ စီးထက်မနည်း ကရင်နီပြည်နယ်သို့ ရောက်ရှိပြီး ပစ်ခတ်ထိုးစစ်ဆင်နေကြောင်း တပ်ဘက် သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။

လတ်တလော ဒီမော့ဆို၊ ဒေါငံခါးကို KNDF က ယာယီ လက်လွှတ်လိုက်ရကြောင်း၊ ပြည်သူများအနေဖြင့် ကူညီကြရန် KNDF တပ်ရင်း ၁ က ယနေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ပြောဆိုသည်။

“နန်းမယ်ခုံမြို့ကို ယာယီဆုံးရှုံးရပြီး‌နောက် မတ်လ ၁၃ ရက်နေ့မှာ ကျွန်တော်တို့ ဒေါငံခါးကို ထပ်မံဆုံးရှုံးလိုက်ရပါတယ်။ စစ်ကောင်စီဘက်မှ အကြိမ်‌ပေါင်းမြောက်များစွာ လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် ဗုံးကြဲပစ်ခတ်ခဲ့သောကြောင့် နောက်ထပ်သော စစ်ရေးအရ အရေးပါလှသော ဒေါငံခါးကို ကျွန်တော်တို့ ယာယီ လက်လွတ်‌ပေးခဲ့ရပါတယ်။ ထိုနေ့တိုက်ပွဲမှာလည်း ကျွန်တော်တို့ရဲဘော်တချို့ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့် အများပြည်သူအနေဖြစ် ကျွန်တော်တို့ ရဲ‌ဘော်တွေကို တတ်နိုင်သလောက် ဝိုင်းကူပေးကြပါ” ဟု KNDF တပ်ရင်း ၁ က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာကို လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများ အသုံးပြု တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ မတ်လ ၁၂ ရက် ညနေ့ပိုင်းနှင့် ယနေ့ နံနက်တွင် ဒေါငံခါးရှိ နေအိမ်များကို မီးတင်ရှို့နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် တပတ်ခန့်မှ စတင်၍ ဒီးမော့ဆို၊ ဒေါငံခါးဘက်သို့ ထိုးစစ်ဆင်ခဲ့ပြီး ယမန်နေ့ မတ်လ ၁၂ ရက်နေ့တွင် နံနက်အစောပိုင်းမှ စတင်ကာ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်သလို တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှုကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များ ဒေါငံခါးကျေးရွာမှ ယာယီဆုတ်ခွာပေးလိုက်ရကြောင်း သိရှိရသည်။

“မနေ့က မနက်အစောကြီးကတည်းက လက်နက်ကြီးက မိုးရွာသလိုကို ပစ်တာ၊ Jet Fighter နဲ့လည်း လာပစ်တယ်၊ ကျနော်တို့ တနေကုန် ခံပစ်ခဲ့တယ်၊ ညနေပိုင်းမှာ ဆုတ်ခွာပေးလိုက်တယ်၊ ဒီကောင်တွေ ဒေါငံခါး ရပ်ကွက် (၂)မှာ တပ်စွဲတယ်၊ နေအိမ်တွေ မီးရှို့တယ်၊ ဒီမနက်လည်း ရှို့နေတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေါငံခါးကျေးရွာရှိ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် နေအိမ်အမြောက်အများထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် အတွဲလိုက်ပစ်ခတ်နိုင်သော ၁၂၂ မမ လက်နက်တင် ကားများ၊ လက်နက်ကြီးများ၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ခြေလျင်တပ်သား အင်အားအများအပြားဖြင့် ဖေဖေါ်ဝါရီလ ၁၅ ရက်မှ စတင်ကာ မိုးဗြဲမှတဆင့် စတင်ထိုးစစ်ဆင်ခဲ့ပြီး ကရင်နီတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့များသည် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် နန်းမယ်ခုံမှ ဆုတ်ခွာပေးလိုက်ရပြီး ယမန်နေ့ မတ်လ ၁၂ ရက်နေ့တွင် ဒီးမော့ဆိုမြို့နှင့် ကပ်လျက်တွင်ရှိသည့် ဒေါငံခါးကျေးရွာမှ ထပ်မံဆုတ်ခွာပေးလိုက်ရခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်တပ်က အသုံးပြုနေသော အတွဲလိုက်ဒုံးပစ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article