25 C
Yangon

မတူပီ၊ ထယ်ဘွေ့စခန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ချင်းတပ်ဖွဲ့များ တိုက်ခိုက်၊ စစ်သား ၈ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၁၄

ချင်းပြည်နယ်၊ မတူပီမြို့နယ် ထယ်ဘွေ့တပ်စခန်းသို့ အင်အားဖြည့်တင်းရန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၅၀ ခန့်ကို မတ်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ချင်းအမျိုးသားတပ်မတော် CNA၊ CDF ပလက်ဝ၊ CDF မတူပီ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦးကျော် ထိခိုက်ဒဏ်ရာရကြောင်း CDF ပလက်ဝက သတင်းထုတ်ပြန်သည်။

မတ်လ ၁၂ ရက်နေ့ စခီဟာကျေးရွာနှင့် ၄ ဖာလုံအကွာခန့်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးကျော် ဒဏ်ရာရကြောင်း၊ မတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ်၊ ညနေ ၃ နာရီမှ ၅ နာရီအထိ ၁ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာတွင် စစ်သား ၇ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရကြောင်း၊ တိုက်ပွဲများတွင် CNA ရဲဘော် ၁ ဦး ကျဆုံးကာ CDF ပလက်ဝ ရဲဘော် ၁ ဦး မစိုးရိမ် ဒဏ်ရာရကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာရှိ နေအိမ် ၁ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုရားရှိခိုးကျောင်း ၁ ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒေသခံများကို ချင်းတပ်ဖွဲ့များက လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း CDF ပလက်ဝက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ – CDF ပလက်ဝ၏ စစ်ရေးသင်တန်း ၁ ခု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article