24 C
Yangon

ရေစကြို၊ ဂွေးချိုရွာတွင် ပျူစောထီးအဖွဲ့က ဆွံ့အနားမကြား ၁ ဦးကို ပစ်သတ်ပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွား၊ နေအိမ် ၁၅ လုံးကို မီးရှို့ပြီး ပစ္စည်းများခိုးယူ

Must read

ရန်ကုန်၊ မတ် ၁၅

မကွေးတိုင်း၊ ရေစကြို၊ ဂွေးချိုရွာရှိ ပျူစောထီးခေါင်းဆောင်ဝေလွင်က မတ်လ ၁၃ ရက်နေ့လယ်တွင် ၎င်း၏နေအိမ်ကို PDF များက ဝင်တိုက်သွားပြီးနောက် ယင်းနေ့ညနေပိုင်းတွင် အနီးဝန်းကျင်ရှိ ဆွံ့အနားမကြား ဦးကျော်မောင်ကို ပစ်သတ်ကာ နေအိမ် ၁၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

ဂွေးချိုရွာရှိ ပျူစောထီးခေါင်းဆောင်ဝေလွင်သည် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးလည်းဖြစ်ပြီး ၎င်း၏ နေအိမ်တွင် ပျူစောထီးများကို သင်တန်းပေးရန် စီစဉ်နေချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့အများအပြား စစ်ကူရောက်ရှိလာခြင်းကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားခဲ့ရကြောင်း သိရှိရသည်။

ယင်းနောက် အသက် (၅၀) နှစ်အရွယ် ဆွံ့အနားမကြား ၁ ဦးဖြစ်သူ ဦးကျော်မောင်ဆိုသူကို အကြောင်းမဲ့ပစ်သတ်ပြီး ကျေးရွာရှိ NLD ထောက်ခံသော နေအိမ် ၁၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာထဲက ရိုးရိုးသားသား တောင်ယာလုပ်ကိုင်နေတဲ့ ဦးမြင့်သိန်းနှင့် ဦးမြဌေးတို့ ၂ ဦးကို စစ်သားတွေက အကြောင်းမဲ့ဖမ်းသွားတယ်၊ စစ်ကားနဲ့ ခေါ်သွားတာ အခုထိ ဘာသတင်းမှ မရဘူး။ ရွာက အိမ်တွေထဲက ပစ္စည်းတွေကိုလည်း စစ်ကား ၄ စီး တိုက်စာ ယူသွားကြတယ်။ NLD ထောက်ခံတဲ့ နေအိမ်တွေကို မီးရှို့တာ ၁၅ လုံးလောက် မီးလောင်ကုန်တယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် ဂွေးချိုကျေးရွာအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်ပါးစေ ပျူစောထီးများ ရမ်းကားနေသဖြင့် ကျေးရွာနေ ဒေသခံအများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article