ရန်ကုန်၊ မတ် ၁၅
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဒေသ၊ မယ်ဝိုင် (မယ်ဝေ) ဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကြောင်း ၁ ကြောင်းလုံးပြုတ်သွားသော ခလရ ၉၇ တပ်ဖွဲ့၏ ကော့ကရိတ် တပ်ရင်းရှိ မိသားစုဝင်များသည် ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
မတ်လ ၁၁ ရက်တိုက်ပွဲတွင် စစ်ကြောင်း ၁ ကြောင်းလုံး ပြုတ်ပြီးနောက် ဗျူဟာမှူးက တပ်ရင်းသို့လာရောက်ကာ မိသားစုဝင်များကို နှစ်သိမ့်ပေးစဉ် ဆန္ဒပြခံရခြင်းဖြစ်ကာ ဆန္ဒပြသူအချို့ ဖမ်းဆီးချုပ်နှောင်ထားခံရကြောင်း ကော့ကရိတ်ပွင့်လင်းသတင်းစဉ် KO-news က ရေးသားဖော်ပြသည်။
“သိရသလောက် အဲ့ဒီဗျူဟာမှူးက နင်တို့ယောင်္ကျား တွေကို ပြန်ခေါ်ပေးလို့လည်းမရဘူး သေသွားတာကိုလည်း ပြန်ရှင်အောင်လုပ်ပေးလို့မရဘူး လို့ပြောတာကို မကျေနပ်လို့ ဆန္ဒထပြကြတာ” ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးမှ KO-News သို့ပြောသည်။
သေဆုံး၊ ဖမ်းဆီးခံခဲ့ရသည့် စစ်ကောင်စီတပ်သားများ၏ မိသားစုဝင်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားခြင်း၊ မည်မျှ ဖမ်းဆီးခံထားရခြင်း အသေးစိတ် သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျှက်ရှိသည်။
ခလရ ၉၇ ၏ ရှေ့တန်းစစ်ကြောင်းကို KNLA တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၁ ရက်နေ့တွင် မဲဝိုင်ဒေသ၌ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ၃ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရခဲ့ကာ ၁၆ ဦးက လက်နက်ချ အဖမ်းခံခဲ့ကြောင်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိကြောင်း KNU မူတြော်သတင်းစဉ်က မတ်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ယင်းသတင်းထွက်ပေါ်ပြီးနောက် ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇) တပ်ရင်းအတွင်း ကျန်ရှိမိသားစုဝင်များမှ မကျေနပ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ ယခုသတင်းများနှင့် ပတ်သက်ပြီး သတင်းလုံးဝ မပေါက်ကြားရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။



