25 C
Yangon

ရန်သူကို အပြီးအပိုင်ချေမှုန်းရမည့် အချိန်ရောက်လာပြီဟု NUG အစိုးရယာယီသမ္မတ ဒူဝါလရှီးလပြော

Must read

ရန်ကုန်၊ မတ် ၁၅

ရန်သူမင်းအောင်လှိုင်စစ်တပ်ကို အပြီးအပိုင်ချေမှုန်းရမည့် အချိန်ရောက်လာပြီဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ဒီနေ့မနက် ၁၀ နာရီမှာပြုလုပ်စဉ် ယာယီသမ္မတကအဲဒီလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာမိတ်ဆွေတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် မြန်မာ့အရေးမှာ ထိရောက်စွာမကူညီနိုင်ကြပေမဲ့ မိမိတို့ ပြည်သူတွေ ကိုယ်တိုင်ရန်ပုံငွေထည့်ဝင်ပြီး တော်လှန်ရေးဆင်နွဲလာခဲ့ကြတာ အတော်ခရီးပေါက်နေပြီဖြစ်တယ်ဆိုတာနဲ့ ဒီအချိန်မှာ ပိုမိုခက်ခဲတဲ့ ခြေလှမ်း တွေ တက်လှမ်းပြီး ရန်သူကို အပြီးအပိုင်ချေမှုန်းရန် အချိန်ရောက် လာပြီဖြစ်တယ်လို့ ယာယီသမ္မတက ပြောဆိုပါတယ်။

အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည် ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အစိုးရအဖွဲ့ဟာ နိုင်ငံတော်ရဲ့ လိုအပ်ချက်၊ ပြည်သူလူထုရဲ့ တောင်းဆိုချက်တွေနဲ့အညီ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးတို့အတွက် နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတာဖြစ်တယ်။

အစပိုင်းမှာ မရှိမဖြစ်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး ဖက်ဒရယ်ပဋိညာဥ်ပါ နိုင်ငံရေး ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် လုပ်ဆောင်လာခဲ့ကြတယ်။ ယခုအချိန်မှာ စစ်တပ်က ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်ရန် တာဝန်ကို လုံးဝ မထမ်း ဆေင်နိုင်တော့တာကို မြင်တွေ့ရပြီး တဖက်မှာလည်း ပြည်သူလူထုအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကို စနစ်တကျဖွဲ့စည်းပြီး စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဥ် အင်တိုက်အားတိုက် လုပ်ဆောင်နေကြပြီဖြစ်တယ်။ အရှိန်အဟုန်လည်း အတော်ရရှိနေပြီဖြစ်တယ်လို့ ပြောပါ တယ်။

“အစိုးရ အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကာကွယ်ရေးနဲ့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို ချေမှုန်းနိုင်ရန် စိတ်ပိုင်းဖြတ်ပြီး၊ ရှိသမျှ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် ပူးပေါင်းလုပ်ဆောင်ကာ တော်လှန်ရေးကို အရှိန်အဟုန်မြင့်တင်ရန် လိုအပ်လာပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်းပိုမိုနီးကပ်ကာ နားလည်မှုရှိရှိနဲ့ စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်သွား ကြရမှာဖြစ်တယ်”လို့ ယာယီသမ္မတကြီးကပြောပါတယ်။

ဒါ့အပြင် ဒီတော်လှန်ရေးအောင်နိုင်ဖို့ အရေး အကြီးဆုံးအရာက စိတ်ဓါတ်ခွန်အား ဖြစ်တယ်။ ဘယ် လောက်ပဲ ခက်ခဲပါလေစေ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက်၊ တရားမျှတစွာ ငြိမ်းချမ်းတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေးတို့ကို မျှော်ရည်ပြီး မလျော့သော ဇွဲနဲ့ ဆက်လက် လုပ်ဆောင်ကြဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article