32 C
Yangon

ခရမ်းမြို့မရဲစခန်းပေါက်ကွဲမှု ရဲတပ်သား ၁ ဦးသေဆုံးပြီး မြို့ကို ပိတ်ဆို့စစ် ဆေး၊ ကျောက်တန်းတွင် ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၁ ဦးသေဆုံး၊ မြောက်ဒဂုံရဲသင်တန်းကျောင်းတိုက်ခိုက်ခံရမှု ၁၃ ဦးသေ၊ တောင်ဥက္ကလာတွင် ဗုံးပေါက်

Must read

ရန်ကုန်၊ မတ် ၁၉

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်တွင် ယမန်နေ့ညပိုင်းက ဗုံးပေါက်ကွဲမှု နေရာ ၃ ခုတွင် ဖြစ်ပွားခဲ့ပြီး ခရမ်းမြို့မ ရဲစခန်းပေါက်ကွဲမှုတွင် ရဲတပ်သား ၁ ဦးသေဆုံးကြောင်း ခရမ်း PDF က သတင်းထုတ်ပြန်သည်။

ခရမ်းမြို့နယ်တွင် ယမန်နေ့ညပိုင်း ဖြစ်ပွားသော ဗုံးပေါက်ကွဲမှု ၃ ခုအနက် ခရမ်းမြို့မရဲစခန်း တွင် ဖြစ်ပေါ်သော ပေါက်ကွဲမှုတွင် ရဲတပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ ရဲစခန်းအတွင်း အကာအရန်များ ပျက်စီးသွားကြောင်း၊ လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် လူသေဆုံးမှုမရှိသော်လည်း ၂ ဦး အနည်းငယ်ဒဏ်ရာရရှိပြီး အုတ်နံရံနှင့် မျက်နှာကြက်များ ကွာကြကြောင်း ခရမ်းသတင်းရင်းမြစ်Khayan Channel က အတည်ပြုထားသည်။

ယမန်နေ့ညပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းစစ်ကောင်စီတပ်က ခရမ်းတစ်မြို့လုံးကို ပိတ်ဆို့ပြီး စစ်ဆေးနေကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် မီးပြစံပြကျေးရွာတွင် မတ်လ ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်အချိန် သေနတ်ပစ်ခတ်မှုဖြစ်ပေါ်ပြီး စစ်သား ၁ ဦးသေဆုံးကြောင်း၊ အချင်းချင်းပစ်ခတ်မှုဟု ပြောဆိုမှုများရှိသကဲ့သို့ မိမိကိုယ်ကိုကိုယ် သတ်သေမှု သတင်းထုတ်လွှင့်မှုများရှိကြောင်း ခရမ်းသတင်းရင်းမြစ်ကဆိုသည်။

အလားတူ မတ်လ ၁၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် တောင်ဥက္ကလာ ၊ ၁၃ ရပ်ကွက် ၊ ယဿဝတီ ၁၂ လမ်းရှိ စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရသူ၏ နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တောင်ဥက္ကလာသတင်းရင်းမြစ် SOK News က သတင်းဖော်ပြသည်။

“ဗုံးပေါက်တာတော့ကြားတယ်။ ထိခိုက်ဒဏ်ရာတာတွေ မရှိဘူး။ အသံတော့ကြားလိုက်တယ်။ သိပ်တော့ ထွေထွေထူးထူး မဖြစ်ဘူး။ လူတွေကတော့ ပုံမှန်အတိုင်းသွားလာနေကြတာပဲ” ဟု တောင်ဥက္ကလာဒေသခံ တစ်ဦးက ပြော သည်။

ထို့ပြင် မတ်လ ၇ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၆ ရပ်ကွက်ရှိ မြို့မရဲသင်တန်းကျောင်းကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် အကြမ်းဖက်စစ်ကောာင်စီ၏ စစ်သားနှင့် ရဲ ၁၃ ဦး သေဆုံးကြောင်း ပြည်သူ့အင်အားစုအဖွဲ့က ထုတ် ပြန်သည်။

ဗိုလ်ဆွန်ပတ်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်းကို မတ်လ ၇ ရက်နေ့ ည ၇ နာရီတွင် ရန်ကုန်တိုင်းပြည်သူ့အင်အားစု People’s Force နှင့် Spring Brother Force က လက်ပစ်ဗုံးများ၊ ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရဲသင်တန်းဆင်းပွဲအကြို လေ့ကျင့်ရေးလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုလို စစ်သားနှင့် ရဲသေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်သားနှင့် ရဲသေဆုံးမှုသတင်းကို သသည်းအသန်ဖုံးဖိနေကြောင်း တပ်တွင်းသတင်းမှ ပြန်လည်ကြားသိရကြောင်း People’s Force က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ခရမ်းတွင် ယနေ့ ကားများ ပိတ်ဆို့စစ်ဆေးခံရ၍ တန်းစီနေရစဉ်။

Photo- Khayan Channel။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article