ရန်ကုန်၊ မတ် ၂၃
မြစ်ကြီးနားမြို့နယ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခြင်း၊ မြို့လှတွင်လည်းစစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်း ဆားလင်းကြီးနှင့်မင်းကင်းတွင်လည်း စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကြောင့် စုစုပေါင်း စစ်သား ၁၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။
မြစ်ကြီးနား
========
မတ်လ ၂၂ ရက်နေ့ ညနေ ၆ နာရီကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ကြီးနားဂေါက်ကွင်းမှ လုံခြုံရေးတာဝန်ကျစစ်ကောင်စီတပ်ဖွဲ့ဝင် များကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက်ည ၇ နာရီအချိန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ရှိ လုံခြုံရေးတာဝန်ကျ စစ်သားများ ၄၀မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှီရသည်။
မြို့လှ
=======
ကချင်ပြည်နယ်၊ မြို့လှမြို့နယ်အတွင်း ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၂၃ ရက် နံနက် ၆ နာရီခန့်တွင် ချောင်းဝကျေးရွာအနီး၌ မြို့လှ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း သတင်းရရှိသည်။
အင်အား ၅၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့သည် မင်းကျောင်းကုန်းရွာမှ ချောင်းဝကျေးရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း ထွက်ခွာလာစဉ် မြို့လှ PDF မှ ဗိုလ်မိုဃ်းကြိုးဦးဆောင်သော အဖွဲ့က မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးကြောင်း၊ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီက သေဆုံးစစ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို စက်လှေများဖြင့် သယ်ယူနေကြောင်းနှင့် မြို့လှ PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
မင်းကင်း
========
မတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ မင်းကင်းနယ် တောင်တွင်းချောင် ကျော်ရွာတွင် တပ်ဆွဲထားသော စကစများကို KLG PDF ရွှေသမင်မုဆိုးPDF ရွှေတြိဂံPDF ကနီတပ်ရင်း ၂ နှင့် ဒေသခံမဟာမိတ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ ၂ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့ပြီး PDF ၃ ဦးကျည်ထိမှန်ထားကြောင်း သိရှိရသည်။
ဆားလင်းကြီး
===========
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ရွှေတောင်ဦးကုန်းမှ ဆင်းလာသော စစ်ကောင်စီကား ၁၇စီးကို မတ်လ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင် Unity Force monywa – UFMနှင့် Brother Defense Force – BDF တို့က စတင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ညနေပိုင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်ခဲ့သည့် ၄၀ မမ ဗုံးကျည်ခွံ။