ရန်ကုန်၊ မတ် ၂၃
အကြမ်းဖက်စစ်ကောင်စီ၏ တင့်ကား ၂ စီးပါ စစ်ကား အစီး ၈၀ ကျော် စစ်ယာဉ်တန်းသည် ယနေ့ မတ်လ ၂၃ ရက် နံနက်တွင် မကွေးတိုင်း၊ ကျောက်ထုမြို့မှတဆင့် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ထွက်ခွာလာကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် ရိက္ခာပို့ယာဉ်တန်းများဟု ယူဆရပြီး မင်းတပ်နှင့် မတူပီရှိ စစ်ကောင်စီတပ်ရင်းများထံသို့ ရိက္ခာဖြည့်တင်းခြင်း၊ တပ်ချိန်းခြင်းများအတွက် ဖြစ်နိုင်ကြောင်း CDF သတင်းရင်းမြစ်က ဆိုသည်။
မင်းတပ်-မတူပီကားလမ်းကို မတ်လ ၁၉ ရက်မှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီး ဆုံးရှုုံးမှုများကို တာဝန်ယူမည်မဟုတ်ကြောင်း CDF-မင်းတပ်က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကောင်စီယာဉ်တန်းသည် မင်းတပ်-မတူပီကားလမ်းအတိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်လ၊ နိုဝင်ဘာလနှင့် ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလများတွင် ဖြတ်သန်းသွားလာခဲ့ပြီး CDF မင်းတပ်၊ CDF မတူပီ တပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်သားရာချီသေဆုံးခဲ့ကာ မြေတူးစက်များအပါအဝင် စစ်ကားများလည်း ပျက်စီးခဲ့သည်။
ဓါတ်ပုံ – ကျောက်ထုမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ယာဉ်တန်း
Photo – HKL mindat