25 C
Yangon

မုံရွာနှင့် ကမ္မမြို့တွင် စစ်ကောင်စီသတင်းပေးဟု သတ် မှတ်ခံရသူ ၂ ဦး အသတ်ခံရ ၊ လှိုင်သာယာတွင် ညမထွက်ရ အမိန့် ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာသော ရာအိမ်မှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်းမုံရွာမြို့နယ်နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့တွင် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံထားရသူ ၂ ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မတ်လ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာ၊ အေးသာယာရပ်ကွက်နေ စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ အောင်ဆန်းဝင်း(ခ) ဂတုံးကို Monywa Black Hunter Defense Force နှင့် Black Dragon Special Task Force တို့က ပူးပေါင်းတိုက်ခိုက်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အောင်ဆန်းဝင်း(ခ) ဂတုံးသည် စစ်ကောင်စီသတင်းပေး ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိပေ။

အလားတူ မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာကျေးရွာမှ စစ်ကောင်စီသတင်းပေး၊ ပျူစောထီးဟု နာမည်ကြီးသူ စိန်ဌေး ကမ္မမြို့စျေးတွင် စျေးဝယ်နေချိန် သေနတ်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း Pakokku People Defense Force-PPDFက သတင်းထုတ်ပြန်သည်။

စိန်ဌေးသည် သတင်းပေးနှင့် ပျူစောထီး ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။

အလားတူ မတ်လ ၂၃ ရက်နေ့ညပိုင်း လှိုင်သာယာမြို့နယ်တွင် ညမထွက်ရ အမိန့် ပြောင်းလဲ သတ်မှတ်ကြောင်း ညောင်ရွာရပ်ကွက် ရာအိမ်မှူး လှထွန်းက ကြေညာနေစဉ် သေနတ်ဖြင့် ၃ချက် အပစ်ခံရပြီး ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက် ကုသမှု ခံယူနေရကြောင်း သိရှိရသည်။

“ရာအိမ်မှူး ဦးလှထွန်းက ခြေထောက် နှစ်ချက် ရင်ဘတ် တစ်ချက်(ရှပ်ထိ)တယ်လို့ သိရတယ်။ ဖြစ်တာက ည ၉ နာရီလောက် ။ အခုဆေးရုံမှာပါ။ မသေသေးဘူး” ဟုဒေသခံတစ်ဦးက ပြောသည်။

ဓါတ်ပုံ- မုံရွာမှ အောင်ဆန်းဝင်း သေဆုံးနေစဥ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article