25 C
Yangon

မြင်းမူမြို့တွင် ကင်းလှည့်စစ်တပ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေ ၈ ဦး ဒဏ်ရာရ ၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် စိတ်ဝေဒနာရှင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ၊ ရေစကြိုရဲစခန်းနှင့်တောင်သာရဲစခန်းကိုလည်း PDF ဝင်တိုက်

Must read

ရန်ကုန်၊ မတ် ၂၅

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကျောက်တိုင်အနီးတွင် မတ်လ ၂၄ ရက် ည ၇ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် ကင်းလှည့်လာသည့် အကြမ်းဖက်စစ်ကောင်စီဝင် ၅၀ ခန့် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေကာ ၈ ဦးဒဏ်ရာရသွားကြောင်း၊ မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရမ်းသန်းပစ်ခတ်မှုကြောင့် စိတ်ဝေဒနာရှင် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Knight Commanders (MMU) အဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ညက ကင်းပတ်ထွက်မယ့် သူတွေ၊ သူတို့ ထွက်ပေါက်ကို မိုင်းတွေ ထောင်ထားတာပေါ့။ ကတော့မိုင်း နှစ်လုံးတွဲ ထောင်ထားပြီး သူတို့ ထွက်လာမယ့် အချိန်ခွဲပစ်တာပါ။ ၂ ဦးသေတယ်လို့ အတိအကျရထားတယ်။ သူတို့ မိုင်းထိတော့ အချက်ပေါင်း ၂၀၀ ကျော်ကျော်လောက် ပြန်ပစ်တယ်။ သူတို့ပစ်တာ စိတ်မကောင်းတဲ့ လူတစ်ယောက်ထိတယ်ကြားတယ်။ အပြင်းအထန်ကြီးတော့ မဟုတ်ဘူး” ဟုKnight Commanders (MMU) မှ တာဝန်ရှိသူတစ်ဦးက ဖြစ်စဉ်ကို ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)၊ Zamani Revolution Force ပျောက်ကြားအဖွဲ့၊ Knight Commanders တပ်ဖွဲ့ မဟာမိတ်ညီနောင် ၄ ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း တော်လှန်ရဲဘော်များ ထံမှ သိရှိရသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မန္တလေးတိုင်း၊ တောင်သာမြို့ ရဲစခန်းများကို လက်ပစ်ဗုံး၊ ၄၀ မမ တို့ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(မတ်လ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့သော်လည်း ပစ်ဖောက်ခဲ့သည် ဗုံးမှာ မပေါက်ကွဲဘဲ စစ်ကောင်စီ တပ်သားများမှ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ တောင်သာမြို့မရဲစခန်းကို မတ်လ ၂၄ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် PDF တောင်သာ အဖွဲ့က ၄၀ မမ ဗုံးသီးလက်နဖြင့် ပစ်ခတ်မှု ရှိခဲ့ပြီးနောက်ပိုင်းတွင် မြို့တွင်းတပ်စွဲထားသော စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရေစကြိုရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article