25 C
Yangon

မင်းတပ် ခလရ ၂၇၄ တပ်သား ၁ ဦး လက်နက်၊ ကျည်ဆံများနှင့် CDF မင်းတပ် ထံ အလင်းဝင်၊ DSTA မှ ဗိုလ်ကြီးတဦး ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ပြီး CDM ပြုလုပ်လာ

Must read

ရန်ကုန်၊ မတ် ၂၅

ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက်၊ ခလရ (၂၇၄) တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်၊ ကျည်ဆံများဖြင့် CDF မင်းတပ် တပ်ဖွဲ့ထံ ယနေ့တွင် ရောက်ရှိ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

“သူက ရိုးရိုးတပ်သား အဆင့်ပါပဲ၊ မနေ့က (၂၄ ရက်နေ့) နေ့လယ် ၁ နာရီခွဲလောက်မှာ ပြေးလာတယ်၊ ဒီနေ့မှာ ကျနော်တို့ဆီကို အေးအေးချမ်းချမ်းနဲ့ ရောက်လာတယ်ပေါ့” ဟု CDF မင်းတပ် ပြောခွင့်ရ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အသေးစိတ်အချက်အလက်များကို CDF မင်းတပ် လူမှုကွန်ရက်စာမျက်နှာကတဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင် မင်းတပ်သို့ ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ၈၄ စီးပါ စစ်ယာဉ်တန်းသည် ယနေ့မင်းတပ်မှ ထွက်ခွာသွားပြီး မင်းတပ်-မတူပီလမ်း မိုင်တိုင် ၁၀ ဝန်းကျင်တွင် ရပ်နားထားကြောင်းနှင့် မည်သည့်အတွက်ကြောင့် ရပ်နားထားသည်ကို မသိရသေးကြောင်း ဆလိုင်းဟာအွမ်က ပြောဆိုသည်။

အလားတူ စစ်ကောင်စီ၏ လက်ရုံးတပ်တခုမှ စစ်အင်ဂျင်နီယာကျောင်းဆင်း ဗိုလ်ကြီးတဦးသည် ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ မတ်လ ၃ ရက်နေ့တွင် CDM ဝင်ရောက်လာပြီး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က သတင်းထုတ်ပြန်သည်။

“ပြည်သူလူထုကို အားနာမိလို့ CDM ပြုလုပ်ဖို့ မနှစ်ကတည်းက အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ပြည်သူတွေအပေါ်နဲ့ တပ်မတော်သားတွေအပေါ်ရော တကယ်ကို တရားမျှတမှု မရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးမှာ ပါဝင်ဖို့ စစ်ကောင်စီတပ်ကို စွန့်ခွာခဲ့ပါပြီ။ ပြည်သူအားလုံးပါဝင်နေလို့ ဒီတော်လှန်ရေးဟာ မုချအောင်မြင်မယ်ဆိုတာ သိပါတယ်။ ရှေ့ဆက်ပြီး ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့အတူ တတ်စွမ်းသမျှ တော်လှန်ရေးမှာ ပါဝင်သွားပါ့မယ်။” ဟု စစ်အင်ဂျင်နီယာ ဗိုလ်ကြီးက ပြည်သူ့ပန်းတိုင်မှတဆင့် ပြည်သူများကို အသိပေးပြောဆိုသည်။

ဓါတ်ပုံ – ပြည်သူ့ပန်းတိုင်အဖွဲ့နှင့် ချိတ်ဆက်ကာ CDM ပြုလုပ်လာသည့် စစ်အင်ဂျင်နီယာ ဗိုလ်ကြီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article