ရန်ကုန်၊ မတ် ၂၈
ကရင်ပြည်နယ်၊ ဝေါ်လေမြို့နယ်ခွဲဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၄၀၀ ခန့်နှင့် KNLA၊ DKBA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ယမန်နေ့ မတ်လ ၂၇ ရက်နေ့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
“မိုင်းဆွဲတာရယ်၊ ကျနော်တို့ ဝိုင်းပစ်တာရယ်ဆို ဒီကောင်တွေသေတာ အနည်းဆုံး ၃၀ အထက်ပဲ။ ရဟတ်ယာဉ် ၂ စီးနဲ့ လာပစ်တာလည်း သူ့လူတွေ သူပြန်ထိတယ်” ဟု KNLA ပူးပေါင်းတပ်ဖွဲ့ ရှေ့တန်းတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ဆိုသည်။
ယင်းနောက် KNLA ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် လမ်းမပေါ်တွင် ကျန်နေသော စစ်သားအလောင်းများနှင့် ကား ၁ စီးတိုက်စာ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။
မတ်လ ၂၇ ရက်နေ့တိုက်ပွဲတွင် စစ်သားမည်မျှ သေဆုံးခဲ့သည်ကို ကရင်အမျိုးသားအစည်းအရုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။