ရန်ကုန်၊ မတ် ၂၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် မိုင်း ၃ လုံးပေါက်ကွဲပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ရဲ ၅ ဦးနှင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဗန်းမော်ဒေသသတင်းရင်းမြစ် ၂၁ လူငယ်က ပြောသည်။
ယနေ့ နံနက် ၈ နာရီခန့်မှစတင်၍ ဗန်းမော်မြို့အတွင်း မိုင်း ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၈ နာရီတွင် မိုင်း ပထမအကြိမ်၊ နံနက် ၁၀ နာရီတွင် ဒုတိယအကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် တတိယအကြိမ် မိုင်းကွဲသံကြားရကြောင်း သိရှိရသည်။
ပထမအကြိမ် မိုင်းပေါက်ကွဲမှုသည် သံတဲ ဧည့်ရိပ်သာအနီး ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ထိခိုက်သူမရှိကြောင်း၊ ဒုတိအကြိမ် မိုင်းကွဲမှုသည် နာရီစင်အနီး ပေါက်ကွဲ မှုဖြစ်ပြီး ရဲ ၃ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန် စေတနာဆန်ဆိုင်နှင့် ပြည်သူ့ဆေးရုံဝန်ထမ်းအိမ်ရာအနီး ဦးကြီးထိန်နန် လမ်းမပေါ်တွင် တတိယအကြိမ် မိုင်းပေါက်ကွဲမှုသည် ကုန်တင်ကားတစ်စီး၊ ဆိုင်ကယ် ၃စီး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အမျိုး သမီး ၁ ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲ ၂ ဦးနှင့်ပြည်သူ ၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
မိုင်းကွဲသည့်နေရာများကို စစ်တပ်က ပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေပြီး ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- တတိယအကြိမ် မိုင်းပေါက်ကွဲမှုအပြီး မြင်ကွင်း။
Photo Credit – ၂၁ လူငယ်
(ဒေသသတင်းရင်းမြစ် ၂၁ လူငယ်၏ ခွင့်ပြုချက်ဖြင့် သတင်းဓာတ်ပုံကို ဖော်ပြပါသည်)