ရန်ကုန်၊ မတ် ၂
ရန်ကုန်တိုင်း၊ အင်းစိန်မြိုု့နယ်၊ အင်းစိန်ထောင်ရှေ့တွင် ဗုံးတွေ့ရှိ၍ လမ်းများ ပိတ်ဆို့စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်တွင် ဗုံးတွေ့ရှိခြင်းဖြစ်ပြီး လမ်းများ ပိတ်ဆို့ စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။
“အင်းစိန်ထောင်ရှေ့မှာ ဗုံးတွေ့လို့ လမ်းတွေပိတ်ထားတာ။ ထောင်ရှေ့ဘုရင့်နောင်လမ်းမကြီး၊ မင်းစေတီအပေါက်မှာပါ။ လမ်းနှစ်ဖက်လုံး ပိတ်ထားတာ” ဟု ဒေသခံလူငယ်တစ်ဦးက ပြောသည်။
အဆိုပါဗုံးကို From zero to hero အဖွဲ့က ထောင်ထားခြင်းဖြစ်ပြီး ပြည်သူများ သွားလာနေသည့်အတွက် မဖောက်ဘဲ ဆုတ်ခွာလာရခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်တပ်ဒေါက်တိုင်များနှင့် ဝေးဝေးနေထိုင်ရန် ယင်းအဖွဲ့မှ ပြန်ကြားရေး လူငယ်တစ်ဦးက ပြောသည်။
“ပြည်သူတွေအနေနဲ့ စစ်တပ်ဒေါက်တိုင်ခွေးတွေရှိတဲ့နေရာတွေမှာ မနေစေချင်ဘူး။ ဒီမနက် ပြည်သူတွေရှိလို့ မဖောက်ဘဲ ဆုတ်ခွာလာမှာ ဗုံးက အင်မတန်မှ ပေါက်ကွဲအားပြင်းပါတယ်” ဟု From zero to hero အဖွဲ့မှ ပြန်ကြားရေးလူငယ်က ပြောဆိုသည်။