By ရန်ကုန်ခေတ်သစ်
“အရင်လိုမျိုး စစ်သားဆိုရင် နိုင်ငံကို ကာကွယ်နေတဲ့သူဆိုပြီး ဂုဏ်ရှိတဲ့ဘဝမှာ နေခဲ့ကြတယ်၊ အခုကျတော့ စစ်ခွေး ဘဝကို ရောက်သွားတယ်၊ စစ်ခွေးတွေလို့ အခေါ်ခံရတဲ့ ဘဝကို ရောက်သွားကြတာ။လေတပ်က ညီငယ်တွေ၊ အစ်ကိုတွေ၊ ဆရာတွေ အနေနဲ့ စဉ်းစားစေချင်ပါတယ်။ ဒီစနစ်ကို တွန်းလှန်မှကို ရမယ်။ ပြည်သူတွေ အားမလျော့ပါနဲ့ နိုင်ပါတယ်။ PDF လူငယ်တွေကလည်း အား ကောင်းတယ်”
နေပြည်တော်၊ အမှတ်(၄၅)ကင်းထောက်လေယာဉ်အုပ်၏ အုပ်လေသူရဲဖြစ်သူ ဗိုလ်ကြီးဇေသူအောင်သည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံ မိသားစုနှင့်အတူ CDM ပြုလုပ်ကာ ပြည်သူနှင့် ပူး ပေါင်း ခဲ့သည်။
စစ်သက် ၁၇ နှစ်ကျော်ဖြင့် CDM ပြုလုပ်လာသူ လေတပ် ဗိုလ်ကြီး ဇေသူ အောင် သည် လေတပ်၏ ပထမဦးဆုံးသော CDM အရာရှိတစ်ဦးဖြစ်သည်။
မေး။ ။ စစ်ကောင်စီက လေယာဉ်ဆီကို ဘယ်လိုသယ်နေလဲ၊ ဘယ်လို သုံးစွဲနေလဲ အဲဒီအပိုင်း ပြောပြပါဦး ခင်ဗျ။
ဖြေ။ ။ လေတပ်စခန်းတိုင်းမှာ ဆီသိုလှောင်ကန်တွေရှိတယ်။ တစ်နေရာနဲ့ တစ်နေရာ မတူဘူးပေါ့၊ ဂါလံ ၁၀,၀၀၀ ဆံ့ကန် ၄ ကန်လောက် ဆောက်ထားတာ ဖြစ်ချင်ဖြစ်မယ်၊ ၅ ကန်လောက် ဆောက်ထားတာလည်း ဖြစ်မယ်။ အများဆုံးကတော့ ၁၀,၀၀၀ ဆံ့ကန် ၄ ကန်လောက်အထိ တွေ့ဖူးတယ်ပေါ့။ လေယာဉ်အမျိုးအစားပေါ်မူတည်ပြီးတော့မှ ဆီဝင်ဆံ့မှု ဆီသုံးစွဲမှုကလည်း မတူဘူး ခင်ဗျ၊
MiG 29 လို လေယာဉ်မျိုးဆိုရင်တော့ ၁ နာရီကို ဂါလံ ၇၀၀ သုံးတာပေါ့၊ တရက်ကို ၁၀ နာရီလောက် ပျံမယ်ဆိုရင် ၇,၀၀၀ ဂါလံပေါ့။ ဂါလံ ၃၀,၀၀၀ လောက်ရှိတဲ့ လေတပ်စခန်းမှာဆို အခြားလေယာဉ်တွေနဲ့ရောပါဆို ငါးရက်စာလောက် လုံလောက်တာပေါ့။ အဓိက လေယာဉ်ဆီပို့လာကတော့ ကျနော် မလာခင်အချိန်အထိတော့ Puma ကုမ္ပဏီကနေ ဆီဘောက်ဆာတွေနဲ့ လာပို့တာပေါ့။
မေး။ ။ လေတပ်စခန်းတခုမှာ ဆီဂါလံ ၄၀,၀၀၀၊ ၅၀,၀၀၀ လောက်ရှိတယ်ဆိုတော့ အမြဲတမ်း အပြည့်ရှိနေတာလား။
ဖြေ။ ။ သူတို့က အကယ်၍ အရန်ဆီကျန်ပြီဆိုရင် လေယာဉ် ဆက်မပျံဘူး။ အရန်ဆီကို တပ်တစ်ခုအတွက် တစ်ပတ်စာလောက် ၂၅,၀၀၀ ထားမလားပေါ့၊ အဲလောက်ပဲ ကျန်မယ်ဆိုရင် နောက်ထပ် ဆီထပ်လာပြီဆိုမှ ပျံတယ်ပေါ့။
မေး။ ။ လေကြောင်းတိုက်ခိုက်မှုတွေက ကုန်ကျစရိတ်ကြီးတယ်လို့ သိရတယ်၊ ဒီလို ပြည်သူကို သတ်ဖို့ ဗုံးကျဲဖို့ ဘယ်လောက်သုံးရလဲဆိုတာကို ရှင်းပြပေးပါ။
ဖြေ။ ။ လေယာဉ်တွေကတော့ ဂျက်တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေနဲ့ကတော့ သုံးစွဲမှု အတိုင်းအတာ မတူဘူး၊ F7 တို့ MiG 29 တို့မှာ တနာရီကို ဂါလံ ၆၀၀ စားတယ် ဆိုပါဆို့၊ အပြင်ဆီဈေးနဲ့ တွက်ကြည့်လိုက်ပေါ့။ လေယာဉ် ၁ ခါတက်ရင် ၁ နာရီတော့ အနည်းဆုံးကြာတယ်၊ တိုက်ပွဲဧရိယာကို ပတ်ကြည့်မယ်၊ ဝင်ပစ်မယ်၊ ပစ်ပြီးရင် ထပ်ပတ်မယ်၊ ပြီးရင် ပြန်တယ်ပေါ့။ အဲဒါက ၁ နာရီ နဲ့ ၄၅ မိနစ်ကြားမှာ ရှိတယ်။
ရဟတ်ယာဉ်တွေကတော့ ၁ နာရီကို ဂါလံ ၂၂၀ စားတယ်။ ရဟတ်ယာဉ်က ၁ နာရီခွဲပျံရင် ဂါလံ ၃၃၀ ဆိုတော့ အခုခေတ်ဆီဈေးနဲ့ ဆိုရင် ၇ သိန်း ၈ သိန်းလောက် သွားမှာပေါ့၊ တိုက်လေယာဉ်တွေက ရဟတ် ယာဉ်တွေထက် နှစ်ဆလောက် စားတာပေါ့၊ အဲလိုဆိုတော့ ၁၄ သိန်း ၁၅ သိန်း၊ ဒါက လေယာဉ်ဆီ သီးသန့်ပဲရှိသေးတယ်၊ ဗုံးတွေ၊ ရော့ကတ်တွေ၊ ကျည်ဖိုးတွေ မပါသေးဘူး။
မေး။ ။ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က မှော်ဘီ လေတပ်စခန်း တိုက်ခိုက်ခံရတာရော ဘယ်လိုသိထားလဲ၊ စစ်ကောင်စီဘက်က ဇော်မင်းထွန်းကတော့ ငြင်းထားတယ်ပေါ့။
ဖြေ။ ။ အဲဒီကိစ္စကတော့ သတင်းပဲ ဖတ်လိုက်ရတာပေါ့။ ကျနော် ကိုယ်တိုင်လည်း အတိအကျမသိဘူးပေါ့။ ဖုန်းတွေ အကုန်မပါခဲ့တော့ အတိအကျ မသိထားဘူး။ နောက်ပိုင်း ကျနော်စုံစမ်းသိရှိရရင်တော့ ကျနော် ပြန်ပြောပြပေးပါမယ်။
မေး။ ။ နောက်တခုက လေတပ်ချုပ် ဗိုလ်ချုပ်မောင်မောင်ကျော်က ရာထူးက ရွှေ့ခံထားရတယ်၊ နေအိမ် အကျယ်ချုပ်ချခံထားရတယ်လို့ သိရတယ်၊ သူ့အကြောင်းရော ဘာများ ကြားသေးလဲဗျ။
ဖြေ။ ။ ရာထူးက နားတယ်ဆိုတာတော့ သိတယ်၊ ဒါပေမယ့် အကျယ်ချုပ်တွေ ဘာတွေ ကျတယ်ဆိုတာတော့ မကြားရဘူး။ ကျနော်က လူကြီးတွေနဲ့ ပတ်သက်ရင် သိပ်မသိဘူး၊ ကျနော်ကိုယ်တိုင်ကလည်း အဲဒီကာလမှာ ပြင်ဦးလွင်မှာ သင်တန်းတက်နေတာ လေတပ်ထဲမှာ မရှိတော့ အဲဒီကိစ္စတွေ သိပ်မသိဘူး။
မေး။ ။ အခု ကရင်နီမှာ နန်းမယ်ခုံကို စစ်ကောင်စီက ၁၀ ရက်ကျော် တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ တောက်လျှောက် ပစ်နေတာတွေမှာဗိုလ်ကြီးကလည်း စစ်သက် ၁၇ နှစ်ကျော်ဆိုတော့ တပ်မတော်ထဲကို စ ဝင်ခါစနဲ့ အခု မြေပြင်မှာ လက်ရှိဖြစ်နေတာတွေကို ဗိုလ်ကြီး ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ကျနော် ထွက်လာကတည်းက personal အမုန်းတရားတွေတော့ ဘယ်သူနဲ့မှ မရှိဘူး၊ ဒီအဖြစ်အပျက်တွေ ဖြစ်လာတဲ့အပေါ် ကျနော့်အနေနဲ့ကတော့ စိတ်မကောင်းဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေပေါ့နော်၊ ဒီ PDF အများစုက လူငယ်တွေချည်းပဲပေါ့။ သူတို့ ကလေးတွေချည်းပဲ တိုက်နေတာကို တပ်က ၁၂၂ တွေ ပစ်တယ်၊ ၁၂၀ တွေ ပစ်တယ်၊ လေယာဉ်တွေနဲ့ ပစ်တယ်ပေါ့ ဆက်တိုက် ချနေတာ။
အဲဒီလို ချနေတာ သူတို့တွေတင်မကဘူး စစ်ဘေးရှောင်တွေဆိုလည်း ကျနော့် မျက်စိရှေ့မှာတင် အများကြီးပဲပေါ့။ ကရင်နီမှာဆိုရင် ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးနေတာတွေ အများကြီး တွေ့ခဲ့ရတယ်ပေါ့။
စစ်တပ်ဆိုရင် ပြည်သူကလည်း မကြိုက်ဘူး၊ အခုဆိုရင် အရင်လိုမျိုး စစ်သားဆိုရင် နိုင်ငံကို ကာကွယ်နေတဲ့သူဆိုပြီး ဂုဏ်ရှိတဲ့ဘဝမှာ နေခဲ့ကြတယ်၊ အခုကျတော့ စစ်ခွေး ဘဝကို ရောက်သွားတယ်၊ စစ်ခွေးလို့ အခေါ်ခံရတယ်၊ ခွေးတွေလို့ အခေါ်ခံရတဲ့ ဘဝကို ရောက်သွားကြတာပေါ့၊ ပြည်သူတွေလည်း အရမ်းဒုက္ခရောက်ရတယ်။ အဓိကကတော့ ခေါင်းဆောင်ပိုင်း အကြီးပိုင်းတွေကပဲ Control လုပ်သွားတာ၊ ကျနော်တို့အောက်ကလူတွေအကုန်လုံးက Pawn (နယ်ရုပ်-စစ်တုရင်ဂိမ်း) တွေပေါ့။
ရှင်းရှင်းပြောရလို့ရှိရင် ကျနော်တို့က အမိန့်တွေ၊ ဒီအောက်တွေမှာ ကျနော်တို့က လုပ်နေရတော့ မလွန်ဆန်နိုင်ဘူး၊ ပတ်ဝန်းကျင်ကို မလွန်ဆန်နိုင်ဘူး၊ အဲဒါကြောင့် ကျနော်တို့က ဆက်ရှိနေရတာပေါ့။ အဲဒီအတွက် စိတ်မကောင်းဘူး၊ အချို့ကတော့ စိတ်ပါလို့ လုပ်တာလည်း ဖြစ်ချင် ဖြစ်မယ်။
အချို့က စိတ်မပါဘဲ အမိန့်ကြောင့်လုပ်တာ ဖြစ်ချင်ဖြစ်မယ်။ တယောက်နဲ့ တယောက်က တူမှာမဟုတ်ဘူး၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ လုပ်ခဲ့တာတွေက ပြည်သူတွေ ထိခိုက်နစ်နာဆုံးရှုံးရတယ်။ ကျနော်တို့ လေတပ်ကြောင့် ဖြစ်ခဲ့တာတွေ အကုန်လုံးအတွက် ပြည်သူတွေကို တောင်းပန်ပါတယ်လို့။
ကျနော်တို့ ညီငယ်တွေအနေနဲ့လည်း အမိန့်ကြောင့်ပဲလုပ်လုပ်၊ စိတ်ပါလို့ပဲ လုပ်လုပ် ပတ်ဝန်းကျင်မှာ ကြည့်ပါ၊ ပြည်သူတွေရဲ့ အိမ်တွေဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အများကြီး အများကြီး ရှာဖွေ ရင်းနှီးပြီးတော့မှ ဖြစ်လာကြတာ။
နောက်ပြီး ဗုဒ္ဓဘာသာပဲပြောပြော ဘယ်ဘာသာတရားနဲ့ပဲ ကြည့်ကြည့် လူ့အသက်တချောင်းက လွယ်လွယ်နဲ့ ရတာ မဟုတ်ဘူး။ အဲဒီအတွက် အခုလို ကိစ္စတွေမှာ ကိုယ်လုပ်လိုက်တာကြောင့် အပစ်မဲ့ပြည်သူတွေ သေကြေရတယ်၊ သူတို့ အနှစ်နှစ်ကာလ ရှာဖွေထားတဲ့ အိမ်တွေ ဥစ္စာတွေကို စွန့်ပစ်ပြီး ပြေးကြရတယ်။ အခု ဒီဘက်ဒေသဆို အရမ်းအေးတဲ့ ဒေသ။ တဲလေးနဲ့ နေပြီး အစားအသောက်ဆိုလည်း အဆင်မပြေ၊ ရေ ဆိုလည်း အရမ်းရှားတဲ့ ဒေသမှာ နေနေရတယ်။
အဲဒီအတွက် ကျနော်တို့ လေတပ်က ညီငယ်တွေ၊ အစ်ကိုတွေ၊ ဆရာတွေ အနေနဲ့ ဒီကိစ္စတွေကို ပြန်လည်စဉ်းစားစေချင်ပါတယ်။ ပြည်သူအတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်စေချင်ပါတယ်။ ပြည်သူမကြိုက်တဲ့ ပြည်သူမပါတဲ့ အရာဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒါကို သတိချပ်စေချင်ပါတယ်။
မေး။ ။ ဗိုလ်ကြီးအနေနဲ့ PDF တွေ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးတပ်ဖွဲ့တွေကို လေ ကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပေးချင်လဲ၊ တိုက်လေယာဉ်လာရင် ဘာတွေလုပ်ရမယ်၊ Mi35p လာရင် ဘယ်လိုတွေ ရှောင်ရမယ်၊ အသက်ရှင်ကျန်ဖို့ ဘယ်လိုကာကွယ်ရမလဲ။
ဖြေ။ ။ စစ်တိုက်တယ်ဆိုတာကတော့ အဓိက ကိုယ့်ကိုယ်ကို မသေအောင် အရင်လုပ်ရတာပေါ့နော်။ မသေမှပဲ ကျန်တဲ့ဟာတွေ ဆက်လုပ်ခွင့်ရှိမှာလေ။ အဲဒီအတွက် တိုက်စစ်မှာပဲ တိုက်တိုက်၊ ခံစစ်မှာပဲ တိုက်တိုက်၊ တိုက်ပွဲဖြစ်ကြပြီဆိုရင်တော့ ကိုယ့်အတွက် ကျင်းတွေ တူးထားစေချင်တယ်။ နောက် တိုက်ပွဲဖြစ်ပြီဆိုရင် လေယာဉ်လာမယ့် အသိကို သိထားစေချင်တယ်။ လေယာဉ်မလာဘူးဆိုရင်လည်း လက်နက်ကြီး လာမယ်ဆိုတဲ့ အသိကို သိထားစေချင်တယ်။
တိုက်ပွဲတွေမှာ လေယာဉ်တွေပဲလာလာ၊ အနောက်ကနေ လက်နက်ကြီးနဲ့ပဲ ပစ်ပစ် ဘယ်ဟာမဆို သူ့ဟာနဲ့သူ အကန့်အသတ်တွေ ရှိတယ်။ ကောင်းကွက် ဆိုးကွက်တွေ ရှိကြတယ် အားလုံးမှာ။ လေယာဉ်ဆိုရင်လည်း လေထဲမှာ ဘယ်လောက်ကြာကြာ ပျံနိုင်မှာလဲ။ ကျနော်တို့ လေယာဉ် (Mi35p) ဆိုလို့ရှိရင် လေထဲမှာ အများဆုံး ၆ ကြိမ်လောက် ပစ်နိုင်မှာ။ ပုံမှန်ကတော့ ၃ ကြိမ် ၄ ကြိမ်ပေါ့။ တိုက်လေယာဉ်တွေဆိုလို့ရှိရင်လည်း အများဆုံး ၂ ကြိမ် ၃ ကြိမ် ပေါ့၊ ဒီလောက်ပဲ။ အဲဒါက အများဆုံး ၁၀ မိနစ်၊ ပုံမှန်ကတော့ ၅ မိနစ်လောက်ပဲ ကြာမယ်။ အဲဒီကာလလေးကို သတိထားဖို့လိုမယ်။
လေယာဉ်ရဲ့ ဗုံးတွေ အများစုက လေကွဲတွေ သိပ်မပါဘူး၊ မြေကြီးကို ထိပြီးတော့မှ ကွဲတာ၊ မှိုပွင့်ပုံစံ ကွဲတာဆိုတော့ အပေါ်ကိုထောင်ပြီးမှ ဘေးကို ကားထွက်သွားတာ အဲလိုဆိုတော့ မြေကြီးမှာ ဝပ်ထားမယ်၊ ကျင်းတူးထားမယ်ဆိုရင် လုံခြုံဖို့အတွက် ၆၀ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ ကိုယ်က သွားတိုက်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကို လာတိုက်တာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ကျင်းလေးတူးပြီး နေသင့်တယ်လို့ ထင်ပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ လေတပ်က CDM အရာရှိတွေနဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဘယ်လို သတိထားမယ်၊ ဆောင်ရန် ရှောင်ရန်တွေ ပေးသွားဖို့ ရှိပါတယ်။
မေး။ ။ တချို့နေရာတွေမှာဆို တူမီးနဲ့ တိုက်နေတဲ့ PDF တွေကို လေယာဉ်တွေ သုံးပြီး ပစ်နေတဲ့အပေါ်မှာ ဗိုလ်ကြီး အမြင်ပြောပါဦး
ဖြေ။ ။ တူမီးနဲ့ ပစ်နေတဲ့ သူတွေကို လေယာဉ်နဲ့ ပစ်တာက ရှင်းရှင်းပြောရမယ်ဆိုရင် အတော်ကို ဟာသဆန်တယ်။ ဘာကြောင့်လဲဆိုတော့ တူမီးနဲ့ ပစ်နေတဲ့သူတွေကို လေယာဉ်သုံးပြီး ပစ်စရာအကြောင်းကိုမရှိဘူး၊ တူမီးက သူ့အကွာအဝေးက မီတာ ၁၀၀၊ ၁၅၀ လောက်ပဲရောက်မှာ။
တပ်မှာက ma1 တို့ ma2 တို့က မီတာ ၃၀၀၊ ၄၀၀ ရောက်တယ်။ အဲဒါကိုမှ လေယာဉ်နဲ့ လာပစ်ကူရတယ်ဆိုတာက တော်တော်ကြီးကို လွဲနေပြီ။ ထင်တာတော့ ကြည်းတပ်က အင်အား မသုံးနိုင်တဲ့နေရာမှာ လေတပ်အင်အားကို ယူသုံးနေတာ။
အဲဒါက အနိုင်ကျင့်တာလားဆိုတာတော့ ပြောရခက်ပါတယ်၊ အရှုံးအနိုင်တိုက်ကြတဲ့အခါမှာ သူတို့လည်း သူတို့ ရှိတဲ့ဟာ သူတို့ သုံးမှာပဲ။ တပ်က ရှိတာအကုန်သုံးမယ့်အတွက် ၁၂၂ လည်း သုံးမယ်၊ ၁၂၀ လည်း သုံးမယ်၊ လေယာဉ်လည်း သုံးမယ်။
သူတို့မှာရှိတဲ့ ၈၁ လည်း သုံးမယ်၊ ရှင်းရှင်းပြောမယ်ဆိုရင် သူတို့မှာရှိတဲ့ဟာ အကုန်သုံးမယ်။ အဲလိုဆိုတော့ စဉ်းစားရမယ်၊ စစ်တိုက်တာက လက်နက်တွေ ပစ်တာထက် ဦးနှောက်တွေ ကစားတာ၊ ကိုယ့်ဆီမှာ ရှိတဲ့ဟာနဲ့ သူ့ဆီမှာ ရှိတဲ့ဟာကို စဉ်းစားပြီးလုပ်ရတာ၊ သူ့အားသာချက် ကိုယ့်အားသာချက်ကို စဉ်းစားပြီး တိုက်စေချင်တယ်။ ဖြစ်သလို ဝင်တိုက်တာထက်စာရင် စဉ်းစားပါ၊ ဝင်တိုက်ရင် ဒီအချိန်မှာ လေယာဉ်လာနိုင်လား မလာနိုင်ဘူးလား၊ သူတို့ကို ဘယ်လိုတိုက်မလဲ။
အဖွဲ့တွေ အများကြီး ဝင်တိုက်ရင် ချိတ်ဆက်မှု ကောင်းကောင်းလုပ်ပါ၊ ဝင်တိုက်ရင် သူတလူ ငါတမင်း လုပ်လို့မရဘူး။ တပ်က အဆင့်ဆင့် အုပ်ချုပ်မှုကိုမှ အမိန့်နာခံမှုကို အကြာကြီး ခံလာရတဲ့သူတွေ။ အဲလိုဆိုတော့ ကျနော်တို့က ဗြောက်သောက် တိုက်လို့တော့ မရဘူး။
အဖွဲ့တွေက သူ့လမ်းကြောင်း၊ ကိုယ့်လမ်းကြောင်း၊ သူဘာလုပ်မယ်၊ ကိုယ်ဘာလုပ်မယ်၊ သူ့တာဝန်၊ ကိုယ့်တာဝန်ခွဲပြီး တိုက်မယ်၊ လယ်ကွင်းပြင်လိုနေရာမှာ ကိုယ်ဘယ်လိုနေမလဲ၊ တောင်စောင်းတွေမှာဆို ကိုယ်ဘယ်လိုနေမလဲ။ စဉ်းစားပါ။
မေး။ ။ တပ်ထဲမှာ အင်တာနက်သုံးတာတွေ ဖုန်းတွေကို ဘယ်လို ကန့်သတ်တာတွေရှိလဲ။
ဖြေ။ ။ တပ်ထဲမှာ ဖေ့စ်ဘုတ်အကောင့်တွေတောင်းတယ်၊ password တွေ တောင်းတယ်၊ gmail တွေရောပေါ့ အကုန် သူတို့ကို ပေးထားရတယ်။ ပေးထားပေမယ့် ဒီ လူတွေအများကြီးရဲ့ အကောင့်တွေကို သူတို့ check ဖို့က လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။
ပို့စ်တခုခု တင်လိုက်ပြီဆိုရင် သူတို့က တွေ့သွားရင် သူတို့ အဆင်မပြေရင် ခေါ်ပြီး ပြောတာမျိုးရှိတယ်။ အဲလိုမျိုးဆိုတော့ ကျနော်တို့ ပတ်ဝန်းကျင်က ကြပ်သွားတာပေါ့။ ဒီဟာတွေနဲ့ ပတ်သက်ရင် မပြောရဲ မကြည့်ရဲ ဖြစ်သွားတာပေါ့။
မေး။ ။ လေတပ်အရာရှိတွေရဲ့ နာမည်စာရင်းတွေထွက်လာတယ်၊ အဲဒီထဲမှာပါတဲ့ သူတွေကရော အဲဒီစာရင်း ထွက်လာတာကို သိလား။
ဖြေ။ ။ သိနိုင်မယ်လို့ ထင်ပါတယ်၊ ကျနော်တို့ လေယာဉ်အုပ်တွေ အုပ်တွေမှာ ကျနော်တို့ Viber group တွေ ရှိကြတယ်။ ကျနော့် နာမည်ဆိုလို့ရှိရင် အဲဒီစာရင်းတွေကို ကျနော်တို့ Viber group ထဲမှာ တင်တာတွေ့တယ်။ ကျနော်ကတော့ ဘာမှ ဝင်မပြောဘူး၊ ကျနော့် သူငယ်ချင်း ၁ ယောက်ကတော့ ဂရုစိုက်ဖို့ပြောတယ်။
မေး။ ။ ပြည်သူတွေကိုရော ဘယ်လို သတင်းစကားပြောချင်လဲ။
ဖြေ။ ။ လက်ရှိအချိန်က ဒီစနစ်ကြီးက ပြည်သူတွေအတွက်ရော၊ နောင်လာမယ့် အနာဂါတ် ကလေးတွေအတွက်ရော၊ တပ်မတော်အတွက်ရော မဖြစ်မနေ တိုက်ဖျက်ရမယ့် စနစ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အကုန်လုံးက ဒီစနစ်ရဲ့ သားကောင်တွေ ဖြစ်ခဲ့ပြီးပြီ။
ပညာရေးစနစ်မှာပြောပြော းအများကြီးပဲ အရမ်းနိမ့်ကျခဲ့ပြီးပြီ။ ကျနော်တို့ ရခဲ့တဲ့ ဘွဲ့တွေကလည်း ကမ္ဘာမပြောနဲ့ အရှေ့တောင်အာရှမှာတောင် တန်းမဝင်တဲ့ အခြေအနေ ဖြစ်နေပြီ။ လာမယ့် ကျနော်တို့ ကလေးတွေကို သူတို့ အနာဂါတ် သူတို့ ဘဝကို အာဆီယံနဲ့ ရင်ဘောင်တန်းနိုင်အောင် အရင်လုပ်ရဦးမှာ။ အဲလိုသွားဖို့ဆို စနစ်ကောင်းဖို့ လိုအပ်တယ်။
အဲလိုသွားဖို့ တရားရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ မီဒီယာတွေ အားကောင်းဖို့လိုတယ်။ အဲဒါမှလည်း check and balance ဖြစ်လာမှာ။ ကျနော်တို့က သေနတ်ပြောင်းဝမှာ အာဏာရှိနေလို့ မရဘူး။ အဲလိုဆိုတော့ ကျနော်တို့ ဖွဲ့စည်းပုံ ကောင်းကောင်းရှိဖို့ လိုအပ်တယ်။
အဲဒီအတွက် ဒီစနစ်ကို မဖြစ်မနေ တော်လှန်ရမှာဖြစ်တယ်၊ အဲဒါကြောင့် စိတ်ဓါတ်မကျပါနဲ့၊ ဒီတိုက်ပွဲက နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုရင် ပြည်သူတွေရဲ့ စိတ်ဓါတ်ခွန်အားက အရမ်းပြတ်သားနေတယ်၊ အထူးသဖြင့် ဒီဘက်ဒေသတွေမှာ ပိုပြတ်သားတာကို တွေ့ရတယ်။ အခုအချိန်မှာ ပျော့သွားမယ်ဆိုရင် နောင်အနာဂါတ်မှာ ဒီစနစ်ဆိုးကြီးပဲ လာမယ်ဆိုတာ ကြိုတွေးထားလို့ရတယ်။
အခုဆိုရင်လည်း ဆိုင်ကယ်ဆိုရင် ယောကျ်ားက အနောက်က မထိုင်ရဘူး၊ ယောကျာ်း ၂ ယောက် မစီးရဘူး၊ သူတို့ကတော့ သူတို့ လုံခြုံရေးအတွက် ထုတ်တယ်ဆိုပေမယ့် ဥပမာ လင်မယား ၂ ယောက်ပဲ ရှိတဲ့ မိသားစုမှာ ယောကျာ်းက အပြင်းဖျားနေလို့ မိန်းမက ဆိုင်ကယ်မောင်းပြီး ယောကျာ်းကို အနောက်က စီးခိုင်းတယ်ဆိုရင် သံသယဖြစ်ပြီး အသတ်ခံရသွားနိင်တယ်၊ သေသွားနိုင်တယ်။
ဒီလို မဟုတ်က ဟုတ်က အမိန့်တွေ မဖြစ်ဖို့ပေါ့။ ဒီလိုအမိန့်တွေက အာဏာရှင်တွေက လုပ်မှာပဲ အဲဒါကို သိဖို့ လိုအပ်တယ်။ အခုချိန်မှာသာ မတော်လှန်နိုင်ဘူးဆိုရင် အကုန်ဒုက္ခရောက်မယ်။
ကျနော်တို့ရဲ့ စစ်တပ်ထဲမှာ ဆိုလို့ရှိရင်လည်း ဆိုင်ကယ်မစီးရ အမိန့်တွေ၊ ကားမမောင်းရအမိန့်တွေ မဟုတ်က ဟုတ်က အမိန့်တွေ အများကြီးပဲရှိတယ်၊ အမိန့်တွေက တိုးပဲ တိုးလာတယ် လျော့သွားတယ်ဆိုတာ မရှိဘူး၊ အဲလိုဟာတွေက ပြည်သူတရပ်လုံး ခံစားနေရရင် နောင်တချိန်မှာ ကျနော်တို့တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ စုတ်ပြတ်သပ်ပြီး အခုချိန်လည်း သူများနိုင်ငံမှာ ကျွန်ခံ သွားလုပ်နေတာတောင်မှ ခိုးကြောင်ခိုးဝှက်နဲ့ ကျွန်သွားခံနေရတယ်။
အဲဒါကြောင့် ဒီစနစ်ကို တွန်းလှန်မှကို ရမယ်။ ပြည်သူတွေ အားမလျော့ပါနဲ့ နိုင်ပါတယ်။ ဒီ PDF လူငယ်တွေကလည်း အားကောင်းတယ်၊ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က အုတ်တချပ် သဲတပွင့်အနေနဲ့ပါမယ်။
လေတပ်ထဲမှာ ရှိတဲ့ အရာရှိတွေလည်း စဉ်းစားစေချင်တယ်၊ လုပ်တဲ့အလုပ်တွေက ဘယ်သူအတွက် ဘာဖြစ်ပြီး ဘယ်သူတွေ ထိခိုက်နေလဲဆိုတာကို သတိချပ်ပြီးတော့မှ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်စေချင်ပါတယ်။