25 C
Yangon

မင်းတပ်-မတူပီလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ရက်ဆက်တိုက်ဖြစ်ပွားနေပြီး ချန်းပြန်းရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း CDF – မတူပီက သတင်းထုတ်ပြန်သည်။

Must read

မတူပီမြို့နယ်၊ ချန်းပြန်းရွာအနီးတွင် ယနေ့ ဧပြီလ ၂ ရက် နံနက် ၁၁ နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို CDF – မတူပီက တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးထက်မနည်းသေဆုံးကြောင်း CDF – မတူပီဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ယမန်နေ့ တိုက်ပွဲတွင်လည်း CDF – မတူပီဘက်က ထောင်ထားသော မိုင်းနင်းမိပြီး စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် အနီးဝန်းကျင်ရှိ တောင်ယာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF -မတူပီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မင်းတပ်မှ ထွက်ခွာလာသော ၈၄ စီးပါ စစ်ယာဉ်တန်းကို လာရောက်ကြိုဆိုသည့် တပ်ဖွဲ့ဖြစ်ပြီး CDF – မတူပီက ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်သည်။

မင်းတပ်မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို မင်းတပ်-မတူပီလမ်း မိုင်တိုင် ၅၂ ဝန်းကျင်တွင် CDF – မင်းတပ်ကလည်း တိုက်ခိုက်နေပြီး ယနေ့နံနက်မှာစ၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း CDF – မင်းတပ်ထံမှ သိရှိရသည်။

“ဒီနေ့မနက်က စပြီးတိုက်ပွဲဖြစ်နေတာမှန်ပါတယ်၊ လိုင်းပေါ်မှာ ပျံ့နေတဲ့ စစ်သား ၅၀ သေဆုံးတယ်ဆိုတဲ့ သတင်းကတော့ အတည်မပြုနိုင်သေးပါဘူး၊ အတည်ပြုနိုင်ရင်တော့ ကျနော်တို့ ထုတ်ပြန်ပါမယ်။ အခုက ရာသီဥတုက အရမ်းဆိုးနေတော့ အခြေအနေအသေးစိတ် မသိနိုင်သေးဘူး” ဟု CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်တွင် အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF – မင်းတပ်က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦး သေဆုံးခဲ့သည်။

ဓါတ်ပုံ – စစ်ကောင်စီယာဉ်တန်းကို မတ်လ ၂၉ ရက်နေ့တွင် CDF – မင်းတပ်က ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article