25 C
Yangon

ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၃

ကရင်အမျိုးသားအစည်းအရုံး KNU ထံဝင်ရောက်ပြီး ပြည်သူနှင့်အတူ ပူးပေါင်းလာသော ခမရ ၅၈၅ ဒု- တပ်ရင်းမှူး ဗိုလ်မှူး တင်လင်းအောင်က ၎င်း ဆိတ်လစေ့မဟုတ်ဘဲ မင်းအောင်လှိုင်က ပြည်သူကို ရန်သူအဖြစ်သတ်မှတ်သည့်အပြင် ရဲဘော်များ၏ဘ၀ကို စတေးနေဟုဆို ပြောဆိုလိုက်သည်။

NUG အစိုးရ၏ ပြန်ကြားရေး PVTV နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်ကတော့ ပြန်တမ်းဝင်အမှတ် (——-) ဗိုလ်မှူး တင်လင်းအောင်ဖြစ်ပါတယ်။ ခမရ ၅၈၅ ကနေပြီးတော့ လက်ရှိတော့ ကျွန်တော်လုံခြုံတဲ့ တစ်နေရာကို ကျွန်တော် ရောက်ရှိနေပါပြီ ကျွန်တော်ရောက်ရှိချင်တဲ့ ကျွန်တော်လာချင်တဲ့ ကျွန်တော် နေချင်တဲ့ အဖွဲ့အစည်း တစ်နေရာဆီကို လက်ရှိ ခိုလှုံနေတာဖြစ်ပါတယ်။ဘာကြောင့် ဒီလိုအလုပ်ကို စလုပ်ရလဲ။ ဆိုတဲ့ဟာတွေ ကျွန်တော်ထပ်ပြောမယ်။ ကျွန်တော်သည် ဆိတ် လစေ့ မဟုတ်ပါ။ ဆိတ် လစေ့ မဟုတ်ပါဆိုတာသည် ဟိုပေါင်ကပ် ဒီပေါင်ကပ် အားသာယာဖက်ကို ကျွန်တော်သည် ကပ်လာတဲ့ကောင် လုံးဝမဟုတ်ပါ။ ကျွန်တော် ဘာကြောင့် ဒီနေရာကို ရောက်ရှိလာရလဲ။ ကျွန်တော်ရဲ့ နေရာကနေ ဘာကြောင့် စွန့်ခွာလာရလည်း ဆိုတာလေးကို ကျွန်တော် အရင်ဆုံးပြောပြချင်တယ်။ ကျွန်တော်ပြောချင်တဲ့ဟာက ဘာလဲဆိုတော့ တာဝန်ယူမှု တာဝန်ခံမှု မရှိသော နေရာမှာ မနေချင်တော့လို့ စွန့်ခွာလာခြင်းဖြစ်တယ်။ ပြီးရင် မြေနဲ့သေနတ်ကို အသက်နဲ့ လဲနေရတဲ့ အသက်လောက် တန်ဖိုးမထားတဲ့ နေရာမှာ ကျွန်တော် မနေချင်လို့ လာခဲ့ခြင်းဖြစ်ပါတယ်။ ပြီးရင် သူတို့ရဲ့ အာဏာလုခြင်း ပြီးရင် သူတို့ရဲ့ အချင်းချင်း ပွတ်တိုက်မှု ရှိတဲ့ အပေါ်မှာ ကျွန်တော်တို့ အောက်က စတေးခံနေရတဲ့ မြေပြင်ခေါင်း ဆောင် တစ်ယောက်အနေနဲ့ ကျွန်တော်ရဲ့ ခံစားချက် ကျွန်တော်ရဲ့ စိတ်ကို ရှေ့တန်းတင် ဦးစားပေးတယ်လို့လည်း မယူဆစေချင်ဘူး” ဟု ဗိုလ်မှူး တင်လင်းအောင်က ပြောသည်။

မင်းအောင်လှိုင်သည် ရဲဘော်များကို မြေစာပင်ကဲ့သို့ စတေးနေသည့်အတွက် စစ်သားများအားလုံးကို လာစေချင်ကြောင်း သိရှိရသည်။

“ကျွန်တော် ကျန်တဲ့သူတွေ အများကြီးကိုလည်း ကျွန်တော် ဒီလိုနေရာကိုပဲ ရောက်လာစေချင်တဲ့ ဆန္ဒရှိပါတယ်။ ဒီလိုမျိုး ရှေ့ဆက်သွားနေရင်တော့ ဘာတွေ ဖြစ်လာမလဲ ဆိုတဲ့ဟာကတော့ အဓိကတော့ ကျွဲ၂ကောင် ခတ်တာပေါ့။ အဓိကတော့ ကျွဲ၂ကောင်ခတ်တဲ့ နေရာမှာ မြေစာပင်ကတော့ အနင်းခံနေရမှာပဲ ကျွဲကတော့ ဆက်ခတ်နေအုန်းမှာပဲ ဆက်ခတ်နေတဲ့ ဟာကို ကျွန်တော်တို့ မြေစာပင်တွေက ဒီတိုင်းနေနေမယ်ဆိုရင်တော့ ဒီကျွဲတွေ ခတ်ရင်းနဲ့ နင်းသွားတဲ့ မြေစာပင်တွေ အဖြစ်နဲ့ပဲ ကျွန်တော်တို့ အဲဒီ မြေစာပင် ဘဝနဲ့ပဲ ဆက်ပြီး ရင်ဆိုင်နေရမှာပေါ့။ အခုကာလနဲ့ အရင်ကာလ လက်ရှိခေါင်းဆောင်တွေ စစ်တိုက်ခဲ့တဲ့ ကာလနဲ့ အခု ကျွန်တော်တို့ စစ်တိုက်နေရတဲ့ ကာလနဲ့ ကွာဟမှုလေး တစ်ခု ဆက်ပြီး ပြောပြချင်တယ်။ အရင်ခေါင်းဆောင်တွေ စစ်တိုက်တာသည် စစ်ရေး တစ်ခုတည်းကို သွားနေတာပါ။ စစ်တိုက်တာ အောင်မြင်ရင်ရပြီ အခုဟာက ကျွန်တော်တို့က နိုင်ငံရေးကော စစ်ရေးရော ပေါင်းစပ်ပြီးတော့မှ တိုက်ပွဲဝင်နေရတဲ့ လွန်ဆွဲပွဲ တစ်ခုမှာ လွန်ဆွဲနေရတဲ့ ကာလ တစ်ခုမှာ အဖြေကို ဘယ်လိုရှာမလဲဆိုတာကို ကျွန်တော်တို့ ခေါင်းဆောင်တွေက လုံးဝတွေးမပေးပါဘူး။ အဖြေကို ဘယ်လိုရှာမလဲဆိုတာကို စဉ်းစားမယ့် အစား ရော့သွားသေကြ ဆိုတဲ့ ကိစ္စတစ်ခုကိုပဲ သူတို့ဦးစားပေးနေတာဖြစ်တယ်။ အဲတော့ ဘယ်မှာလည်း အဓိပ္ပာယ် အဓိပ္ပာယ်ဆိုတာ ကျွန်တော်တို့မှာ မရှိပါဘူး။ အဲတာကြောင့် အခုလို အကြောင်းရင်းတွေကြောင့် အခုကဲ့သို့ တစ်ဖက် အဖွဲ့အစည်းတစ်ခုနဲ့ အတူ လာရောက် ပူးပေါင်းခြင်း ဖြစ်တယ်။ အဲလိုလုပ်ဆောင်ခြင်းဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ရဲဘော်စစ်သည်မိသားစုများ၏ လုံခြုံရေးနှင့် နွေးထွေးမှုများလည်း မင်းအာင်လှိုင်လက်ထက်တွင် ပျောက်ဆုံးနေကြောင်း၊ မင်းအောင်လှိုင်တွင် လက်ရှိအခြေအနေအတွက် အဖြေမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပြီးတော့ နောက်တစ်ခုပြောချင်တာက ဘယ်မှာလဲ မိသားစု ကျွန်တော့်မိသားစုရဲ့ လုံခြုံမှု ဘယ်မှာလဲ။ ကျွန်တော် မိသားစုရဲ့ နွေးထွေးမှု ဘယ်မှာလဲ ပျောက်ဆုံးနေတာကြာပြီ အဲတာကို ဘယ်လို အဖြေရှာမလဲဆိုတဲ့ နည်းလမ်းမသုံးဘူး။ လက်ရှိ အချိန်ထိ မသုံးနိုင်သေးဘူး။ အာဏာ ထိန်းထားတာလား။ အာဏာသိမ်းထားတာလား ဆိုတဲ့ဟာလည်း တိတိကျကျ မပြောနိုင်တဲ့အပြင် တစ်နှစ်ကျော်သွားပြီ ကျော်သွားတဲ့ အချိန်အတိုင်းအတာ အတောအတွင်းမှာ သူဘာမှကို အဖြေတစ်ရပ်ကို မထုတ်နိုင်ဘူး။ အဖြေတစ်ရပ် မထုတ်နိုင်ရင် ဟုတ်ပြီ အာဏာကြီး ၃ရပ်ပိုင်ထားတယ်။ အာဏာကြီး ၃ရပ် ပိုင်ထားတဲ့ အချိန်မှာ ကျွန်တော်တို့ အသက်နဲ့ ရင်းပြီးတော့မှ သူ့ကို အခု ခင်ဗျာတို့ ပြောနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခင်ဗျာတို့ ပြောနေတဲ့ မအလ ပေါ့။ သူက အာဏာကြီး ၃ရပ်ပိုင်တဲ့ အချိန်မှာ သူ့ကို အသက်နဲ့ ရင်းပြီးပံ့ပိုးနေတဲ့ လူတွေကို ဘယ်လိုခံစားခွင့်တွေ ပေးမှာလဲ။ အာဏာ ၃ရပ်ပိုင်တဲ့အချိန်မှာ ဘာတွေ ထပ်ပြီးတော့မှ လုပ်ခဲ့မှာလဲ။ ဘာမှ ကျွန်တော် လိုချင်လို့ ပြောတာ မဟုတ်ဘူး။ ရသင့်တယ်ဆိုတဲ့ဟာကို ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။ အဲတော့ ဘာဆိုတဲ့ အဖြေဘာမှ မထွက်လို့ ကျွန်တော်ဒီနေရာကို ရောက်လာခြင်းဖြစ်တယ်” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ပြည်သူကို စစ်တပ်က ရန်သူအဖြစ် သတ်မှတ်ထားရမှုကိုလည်း မင်းအောင်လှိုင်က မသိရှိဟု ၎င်းက ရှင်းပြသည်။

“ပြီးတော့ ကျွန်တော်တို့ကို သင်ပေးထားတဲ့ စစ်နည်းဗျူဟာတွေမှာ Know Your man၊ Know Your enemy၊ Know Your trying၊ Know Your weather၊ Know Your supply or support၊ Know Your Public အဲဒီအချက်တွေမှာ Know Your man ကိုယ့်လူတွေ အကြောင်းကိုသိလား ကိုယ့်လူတွေရဲ့ ရှေ့ဆက်ပြီး သွားနေရင် သေမလား ကြေမလား။ ဆက်ပြီးဘာတွေ လုပ်ဆောင်နိုင်စွမ်းတွေ ရှိမလဲဆိုတဲ့ Know Your manကိုလည်း သူမသိဘူး။ ခင်ဗျာတို့ ပြောနေတဲ့ မအလ သူမသိဘူး။ ပြီးရင် Know Your enemy က Public ဖြစ်သွားပြီး enemy တင်မဟုတ်တော့ဘူး။ Public ပါပါသွားပြီ အဲဒီဟာတွေကော သူသိလား။ လုံးဝမသိဘူး။ အဲဒီအကြောင်းအရာတွေတော့ ကျွန်တော် နောက်တစ်ကြိမ် ထပ်ပြီးတော့ အင်တာဗျူးဖြေတဲ့ အခါကျရင် အသေးစိတ် ထပ်ပြီးတော့မှ ပြောပြချင်ပါတယ်” ဟု ဗိုလ်မှူး တင်လင်းအောင်က ရှင်းပြသည်။

KNU လက်အောက်တွင် ဖမ်းဆီးခံရသော စစ်သည်များကို စစ်သုံ့ပန်းအနေဖြင့် နွေးထွေးစွာ ကြိုဆိုသည်ကို တွေ့ရသဖြင့် မိမိစိတ်ဖြင့် မိမိလာသူများက ပို၍ ပင် လုံခြုံနွေးထွေးနိုင်သည့်အတွက် ညှိနှိုင်းလာရောက်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“ပြီးတော့ နောက်တစ်ချက်က ကျွန်တော် အခုလို ကျွန်တော့်စိတ်နဲ့ ကျွန်တော် လာတဲ့ လူကိုမဆိုလိုဘူး။ ကျွန်တော့်အရင် စစ်သုံ့ပန်းဖြင့် ဖမ်းဆီးခံရတဲ့ ကျွန်တော်ရဲ့ ညီကိုတွေ တပည့် သားသမီးတွေ အကုန်လုံးသည်။ ဒီမှာ နွေးနွေးထွေးထွေးနဲ့ အေးအေးဆေးဆေး သူတို့ရဲ့ဘဝ လုံလုံခြုံခြုံနဲ့ ပြည့်ပြည့်စုံစုံရှိပါတယ်။ အဲတော့ နောက်ထက် ထပ်ပြီးတော့ လာရောက်ချင်တဲ့ သူတွေကိုလည်း ကျွန်တော့် ကဲ့သို့ပဲ ကျွန်တော်လည်း လုံလုံခြုံခြုံ အေးအေးဆေးဆေး ရင်ခွင်ထဲ လာနိုင်ရင် ရင်ခွင်ထဲ လာနိုင်သလို ထောက်ပံ့တယ် စောင့်ရှောက်တယ်။ ထောက်ပံ့တယ်ဆိုတဲ့ ဟာကိုလည်း တစ်မျိုးမမြင်ပါနဲ့ ထောက်ပံ့ကြေးလိုချင်လို့ လာတာမဟုတ်ဘူး။ အဲဒီ စကားလေး ထပ်ထည့်ပြီးတော့မှ ပြောပါမယ်။ ထောက်ပံ့ကြေး ယူချင်လို့ လာခဲ့တာ မဟုတ်ဘူး။ ရင်ဘတ်ချင်းတူလို့ လာရင်တော့ ပိုပြီးနွေးထွေးတယ်။ စစ်သုံ့ပန်းဖြစ် အဖမ်းခံရတဲ့သူတွေလည်း ဒီနေ့ ဒီချိန်ထိ အေးအေးဆေးဆေးရှိတယ်။ သူတို့လို စစ်သုံ့ပန်းတောင် အေးအေးဆေးဆေးရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ ဘဝ ဘယ်လောက်ထိ အေးဆေးမလည်းဆိုတဲ့ ဟာက ပထမ ဦးဆုံးပြောတဲ့ ခေါင်းစဉ်မှာ သွားပြီးတော့မှ နှစ်ဖက် ညှိနှိုင်းလို့ရပါပြီ တာဝန်ခံမှု တာဝန်ယူမှု မရှိသော ခေါင်းဆောင်နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိသော ခေါင်းဆောင်နဲ့ ကျွန်တော် ဘယ်ခေါင်းဆောင်ဆီမှာ နေမလဲဆိုတော့ တာဝန်ယူမှု တာဝန်ခံမှု ရှိသော ခေါင်းဆောင် အောက်မှာပဲ ကျွန်တော်နေပါမယ်” ဟု ၎င်းက ဆိုသည်။

မိသားစုဘ၀ လုံခြုံစိတ်ချရပါက တာဝန်ယူမှု တာဝန်ခံမှုရှိသော ခေါင်းဆောင်အောက်တွင် တိုက်ပွဲဝင်မည်ဟု ၎င်းက ဆိုသည်။

“ပြီးတော့ ကျွန်တော် ဒီကနေပြီးတော့ ဘယ်လိုရှေ့ဆက် သွားမလဲဆိုရင်တော့ ကျွန်တော့်မိသားစုနဲ့ တွေ့ပြီးတော့ လုံခြုံတဲ့ တစ်နေရာမှာ ကျွန်တော့်မိသားစုကို အေးအေးဆေးဆေး အနာဂတ် အတွက် စိတ်ချပြီဆိုရင် ကျွန်တော် တာဝန်ယူမှု တာဝန်ခံမှုရှိသော ခေါင်းဆောင် အောက်မှာနေပြီးတော့ ကျွန်တော် ဆက်လက်ပြီး တိုက်ပွဲဝင်နေမယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ဗိုလ်မှူးတင်လင်းအောင်က KNLA ထံ လက်နက်ပေးအပ်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article