ရန်ကုန်၊ ဧပြီ ၄
မန္တလေးတွင် ယနေ့ နံနက်ပိုင်း ပြည်သူများကြောင့် Mandalay Ranger Force – PDFက ဖောက်ခွဲရေးအစီ အစဉ်တစ်ခုဖျက်သိမ်းလိုက်ရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။
ဧပြီလ ၄ ရက်နေ့ စစ်တပ်နှင့်ရဲက လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားသည့်ကြားမှ Mandalay Ranger Force – PDFက စွန့်စွား၍ ဖောက်ခွဲရန်ဆောင် ရွက်ခဲ့သော်လည်း မန္တလေးကျုံးဘေးတွင် အားကစားပြုလုပ်သူများ၊ အိမ်စီးကားများ၊ သန့်ရှင်းရေးဝန်ထမ်းများကြောင့် ဖောက်ခွဲရေးအစီအစဉ်ဖျက်သိမ်းလိုက်ရကြောင်း၊ ဗုံးတစ်လုံး သက်မဲ့လိုက်ရကြောင်း သတင်းထုတ်ပြန်ထားသည်။
“စခ ရခ တွေ ကင်းပုန်းတွေ အထပ်ထပ်ချထားတဲ့ ကြားမှအသက်ရင်းပြီး ကျွန်တော်တို့ တစ်ကိုယ်လုံးမှာ သံခြစ်ရာ ဆူးခြစ်ရာတွေနဲ့ရအောင်ထိုးဖောက်ဝင်ရောက်ခဲ့သော်လည်း အားကစားပြုလုပ်သူများအိမ်စီးကားနှင့် အရပ်သားများ၊ သန့်ရှင်းရေးဝန်ထမ်းများ ရှိနေသောကြောင့် Cancel sign ပြန်ကာပြန်ဆုတ်ခဲ့ပါသည် ။ဗုံးတစ်လုံးသည် သက်မဲ့လုပ်ခံလိုက်ရပါတယ်” ဟု Mandalay Ranger Force – PDFက သတင်းထုတ်ပြန်ထားသည်။
အလားတူ ဧပြီလ ၃ ရက်နေ့ ညပိုင်း ရန်ကုန်မြို့ မြို့နယ်အများစုတွင် ဗုံးများပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယမန်နေ့ ည ၁၀ နာရီ ၅ မိနစ်အချိန် သာကေတမြို့နယ်တွင်လည်းကောင်း၊ အရှေ့ဒဂုံတွင် ည ၁၀ နာရီ ၄ မိနစ်အချိန်တွင်လည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၁ ရပ်ကွက် ယမန်နေ့ည ၉ နာရီခွဲအချိန် တစ်ကြိမ်နှင့် ည ၁၀ နာရီအချိန်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်တွင် ည ၁၁ နာရီ ခွဲအချိန်တွင်လည်းကောင်း ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ယနေ့နံနက်ပိုင်း ကင်းလှည့်နေသော စစ်ကားတစ်စီး။