24 C
Yangon

ခင်ဦးရှိ ငါးတင်းကြီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ မီးတင်ရှို့မှု အိမ်ခြေ ၅၀၀ ကျော်လောင်ကျွမ်းပျက်စီး၊ ပြည်သူ ၃၀ ဦးဝန်းကျင် ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ငါးတင်းကြီးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီ ၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး မီးတင်ရှို့မှုကြောင့် အိမ်ခြေ ၅၀၀ ကျော် လောင်ကျွမ်းပျက်စီးနေကာ လက်ရှိအချိန်အထိ လောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ရွာထဲ ဝင်ကတည်းက ရွာတောင်ဘက်တွေရော မြောက်ဘက်တွေရော အကုန်ပိတ်ပစ်လိုက်တာ။ ပိတ်ပြီးမှ ရွာရဲ့ တောင်ပိုင်းကနေ စရှို့တယ်၊ ရွာတောင်ပိုင်းပြီးတော့ ရွာမြောက်ပိုင်းကို ရှို့တယ်။ တပ်စွဲထားတာက ရွာရဲ့ မြောက်ပိုင်းက သမိုင်းသစ်ကျောင်းမှာ တပ်စွဲထားတာ။ အိမ်ခြေ ၈၀၀ ကျော်မှာ အိမ်ခြေ ၅၅၀ ၊ ၆၀၀ လောက်ရှိပြီ မီးရှို့တာ။ အခုချိန်အထိလည်း လောင်နေတုန်း ” ဟုဒေသခံတစ်ဦးက ပြောပြသည်။

အကြမ်းဖက် စစ်ကောင်စီသည် အင်အား ၁၀၀ ခန့်ဖြင့် ငါးတင်းကြီးကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ ဝင်ရောက်လာချိန်တွင် ပြေး၍ မလွတ်ခဲ့သည့် အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားကာ ရိုက်နှက်ကျောက်ကန်ခြင်းများလည်း ရှိကြောင်း၊ ၎င်းတို့ တပ်စွဲထားသည့် ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် လက်ရှိ ဝင်ရောက်နေသည့် ငါးတင်းကြီး ကျေးရွာအပြင် မတ်လ၃၀ရက်နေ့မှ စတင်ကာ ကုလားလူး၊ ရှားလွင်ရွာ၊ ပေပင်ကုန်းရွာ၊ ထနောင်းကိုင်းကြီးရွာ၊ မင်းဝံစိုက်ကွင်းရွာ စသည့် ကျေးရွာများအတွင်းသို့ လည်း ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ရှောင်ပြေးနေရဆဲ ဖြစ်သည်။

ပုံစာ – မီးတင်ရှို့ခံရသည့် ငါးတင်းကြီးရွာ

Photo – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article