21 C
Yangon

ကော့ကရိတ်-မြ၀တီအာရှလမ်းအနီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တိုက်ပွဲ ပြင်းထန်နေပြီး ကား ၄ စီး မီးလောင်၊ စစ်တပ်က ကော့ရိတ်မြို့နယ်ရှိ ရွာများကို လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမ၊ တောနော်ရေတံခွန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA၊ ပူးပေါင်းအဖွဲ့ကြား ယနေ့ ဧပြီလ ၄ ရက် နံနက် ၇ နာရီခန့်မှစ၍ ယခုအချိန်အထိ တိုက်ပွဲပြင်းထန်နေပြီး ဖြတ်သန်းသွားလာသော ကား ၄ စီးအထိ မီးလောင်နေကြောင်း သတင်းရရှိသည်။

“အခု မီးလောင်တဲ့ကားက ၄ စီးအထိ ရှိလာပြီဖြစ်ပါတယ်။ ကားတွေလည်း ပိတ်နေပါတယ်” ဟု အာရှလမ်းတွင် ရပ်ဆိုင်းထားရသော ခရီးသွား ကားသမားတစ်ဦးက ပြောဆိုသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦးက တိုက်ပွဲဖြစ်ပွားနေကြောင်း အတည်ပြုပြီး အသေးစိတ် မပြောနိုင်သေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

တောနော်ရေတံခွန်အနီး တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ လက်နက်ကြီးများ တရစပ် ပစ်ခတ်နေကြောင်း ကော့ကရိတ်ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ကော့ကရိတ်မြို့နယ်၊ ကျိတ်ကျေးရွာအုပ်စု နှင့် ပိုင်ကလာဒုံကျေးရွာအုပ်စုကိုလည်း စစ်လေယာဥ်များဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား နေရာအနှံ့ တိုက်ပွဲများဖြစ်ပွားနေပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းမနှင့် မြဝတီ-ဝေါ်လေ ကားလမ်းများကို ပြည်သူများ အသုံးမပြုကြရန် KNU က စာထုတ် အသိပေးထားသည်။

KNU က စစ်ကောင်စီတပ်များ တပ်မဟာ ၆ နယ်မြေအတွင်းမှ ဆုတ်ခွာသွားရန် ပြောဆိုထားပြီး စစ်ကောင်စီဘက်မှ မဆုတ်ခွာသည့်အပြင် စစ်အင်အားများ တိုးချဲ့လာမှုများကြောင့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ-ဝေါ်လေ ကားလမ်းတလျှောက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article