28 C
Yangon

ကျောက်မဲတွင် အပြစ်မဲ့ပြည်သူ ဦးစိုင်းပီးကို စစ်တပ်က အကြောင်းမဲ့ ရိုက်သတ်ပြီး ငွေကြေး ၇သိန်းခွဲနီးပါးကို လုယူ

Must read

ရန်ကုန်၊ ဧပြီ ၅

ရှမ်းပြည်နယ် ကျောက်မဲမြို့ စည်ပင်ရုံးတွင် မတ်လ ၂၉ ရက်နေ့ ညနေ ၅နာရီခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ဆိုင်ကယ်စီးနင်းလာသည့် ဦးစိုင်းပီးနှင့် ကိုစိုင်းအောင်ကျော်ဦးတို့ကို ဖမ်းဆီးကာ ဦးစိုင်းပီးကို သတ်ဖြတ်လိုက်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန် သည်။

မတ်လ ၂၉ ရက်နေ့ ညပိုင်း ကျောက်စည်ပင်ရုံး ဗုံးပေါက်ကွဲမှု သံသယဖြင့် ဖမ်းဆီးပြီးနောက် ဦးစိုင်းပီကို ရိုက်နှက်စစ်ဆေးရာမှ ဦးစိုင်းပီး သေဆုံးခဲ့ပြီး ပါလာသည့် ငွေကြေး ၇သိန်း ၄သောင်း ၅ထောင်ကို စစ်တပ်က ခိုးယူ လုယက် သွားကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ထံမှ သိရသည်။

အသက် ၄၃နှစ်အရွယ် ဦးစိုင်းပီးနှင့် ၎င်း၏ တူဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုစိုင်းအောင်ကျော်တို့သည် ကျောက်မဲမြို့ ၆ ရပ်ကွက်တွင် ဖုန်းဝယ်ပြီးနောက် ၉ ရပ်ကွက်တွင် စားစရာများ ဝယ်ယူကာ နောင်ပိန်ကျေးရွာသို့ ပြန်လာစဉ် ၆ ရပ်ကွက် မီးပွိုင့်တွင် စစ်သား ၂ဝ ကျော်ခန့်က တားဆီးပြီး စစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့ တားဆီး စစ်ဆေးရာတွင် ဆိုင်ကယ်ရပ်တန့်ပေးချိန် ဆိုင်ကယ်ကို စစ် သားများက တွန်းချပြီး ဦးစိုင်းပီးကို အကြောင်းမဲ့ ဝိုင်းဝန်း ရိုက်နှက်ကြောင်း၊ ဦးခေါင်းနှင့် ရင်ဘတ်များအား သတိလစ်သည်အထိ အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ကာ ခြေဖြင့်လည်း ဝိုင်းကန်ခဲ့ပြီးနောက် ဦးစိုင်းပီးနှင့် ကိုစိုင်းအောင်ကျော်ဦးကို စစ်ကားပေါ်တင်ခေါ်လာကြောင်း၊ ယင်းနောက် ကိုစိုင်းအောင်ကျော်ဦးကို ကျောက်မဲရဲစခန်းသို့ ပို့ဆောင်ပြီး ဦးစိုင်းပီးကို ကျောက်မဲ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ကိုစိုင်းအောင်ကျော်ဦးကို ရဲစခန်းသို့ စစ်တပ်က ပို့ဆောင်ပြီးနောက် ၁ နာရီခန့်အကြားတွင် ဦးစိုင်းပီး ဆေးရုံ၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။

ယင်းနောက် ဖမ်းဆီးထားသော ကိုစိုင်းအောင်ကျော်ဦးကို ပြန်လွှတ်ပေးပြီး သိမ်းဆည်းထားသော ဆိုင်ကယ်ကို ပြန်လည် ပေးဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့၏ ငွေ ၇သိန်း ၄သောင်း ၅ထောင်ကို ပြန်ပေးခြင်းမရှိကြောင်း၊ မတ်လ ၃ဝ ရက်နေ့တွင် ရဲစခန်းသို့ ထပ်မံ သွားရောက်ကာ ငွေ ၇သိန်း ၄သောင်း ၅ထောင် ပျောက်ဆုံးနေကြောင်းကို ပြောဆိုခဲ့သော်လည်း စစ်သားများ လာရောက်ပို့ဆောင်စဉ်က ဆိုင်ကယ် ၁ စီးတည်းသာ ပါဝင်ကြောင်း ရဲစခန်းက ပြန်လည် ပြောဆိုသည်ဟု သိရသည်။

ဦးစိုင်းပီး၏ ရုပ်အလောင်းကို မတ်လ ၃ဝ ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ပုံးဝိုးရွာမှ ဆွေမျိုးများက ဆေးရုံသို့ သွားရောက်ကာ အလောင်းထုတ်ယူခဲ့ပြီး ရင်ခွဲ စစ်ဆေးခ ၅သောင်းကျပ် ပေးဆောင်ခဲ့ရကာ မွန်းလွဲ ၂နာရီခန့်တွင် ကျောက်မဲ သုဿန်သို့ ပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article