ရန်ကုန်၊ ဧပြီ ၆
စစ်ကိုင်းတိုင်း ကနီမြို့နယ် လာပို့ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၂ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများနှင့် အိမ်မွေး တိရစ္ဆာန်များကို လုယက် ယူဆောင်ကာ လူနေတဲ ၁ဝလုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၁ဦးကို ရိုက်နှက် ဖမ်းဆီးခဲ့ကြောင်း Kani People’s Defence Force (KPDF 2) တပ်ဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ စစ်ကြောင်းသည် မတ်လ ၃၁ ရက်နေ့တွင် ကနီမြို့နယ် လာပို့ရွာထိပ်ရှိ စစ်တပ် ဆက်သွယ်ရေး Station စခန်းသို့ ရောက်လာခြင်းဖြစ်ပြီး ဧပြီလ ၁ ရက်နေ့တွင် မိုင်တိုင်အမှတ် ၆၄ တွင် စခန်းချ ညအိပ်ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် မုံရွာ- ယာကြီး- ကလေးဝ လမ်းပိုင်း လာပို့ရွာအနီးရှိ လူနေတဲ ၁၀ လုံးနှင့် ဝက်ခြံတစ်ခြံကို မီးရှို့ဖျက်ဆီးကာ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို ရိုက်နှက် ဖမ်းဆီးပြီး ဆက်သွယ်ရေး တပ် Station စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်း စစ်ကောင်စီ စစ်ကြောင်းသည် မွန်းလွဲ ၁၂ နာရီခန့်တွင် လာပို့ရွာ အတွင်းသို့ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာအတွင်းရှိ လူနေအိမ်နှင့် ဈေးဆိုင် ၁၅ လုံးကို ဖောက်ထွင်းကာ ပစ္စည်းများ စိတ်ကြိုက် လုယက် ယူဆောင်ကြောင်း၊ ၎င်းတို့ ယူဆောင်ခြင်း မရှိသော ပစ္စည်းများကို ဖျက်ဆီးခဲ့ကာ ကျေးရွာအတွင်းမှ ပြည်သူပိုင် ဝက်တစ်ကောင်အား ပစ်သတ်စားသောက်ပြီး ကျန်တစ်ကောင်နှင့် အိမ်မွေးတိရစ္ဆာန်များကိုပါ စစ်ကားပေါ်သို့ တင်ကာ ယူဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီ စစ်ကြောင်း ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာချိန်၌ ၎င်းတို့ ဖမ်းဆီးထားသော စစ်ရှောင် ပြည်သူ ၁ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၎င်းတို့ စခန်းချထားသော ဆက်သွယ်ရေး Station စခန်းသို့ ပြည်သူများထံမှ ခိုးယူသွားသော ရိက္ခာများနှင့် လက်နက်များ ပြန်လည် ပို့ဆောင်ကြောင်း၊ မွန်းလွဲ ၁ နာရီ ၃ဝမိနစ်ခန့်တွင် ယင်းစခန်းမှ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီး ၎င်းတို့ ဆုတ်ခွာရာလမ်းရှိ မိုင်တိုင်အမှတ် ၆၆ အရောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြောက်လှန့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။



