25 C
Yangon

မန္တလေး၊ စစ်ကိုင်း၊တနင်္သာရီနှင့် ချင်းပြည်နယ်တို့တွင် ဌာနဆိုင်ရာရုံးများ၊ တပ်စခန်းများ၊ စစ်ယာဉ်တန်းများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၆

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ် တို့တွင် မီးသတ်၊ စည်ပင်၊ အခွန်ရုံးများ၊ စစ်တပ် တပ်စွဲထားသော နေရာများ၊ စစ်ယာဉ်တန်းများ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထံမှ သိရသည်။

တနင်္သာရီ ပုလောမြို့
==============

တနင်္သာရီတိုင်း မြိတ်မြို့မှ ပုလောမြို့သို့ ဦးတည် မောင်းလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၆စီးပါ ယာဉ်တန်းကို ဧပြီလ ၅ရက်နေ့ ကဒဲရွာနှင့် သင်္ကန်တေားရွာကြား ကဒဲတံတား အနီးတွင် တော်လှန်ရေး တပ်ဖွဲ့၂ ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပုလော ပြည်သူ့ကာကွယ်ရေး တပ်မတော်(PPDF)ထံမှ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုလော ပြည်သူ့ကာကွယ်ရေး တပ်မတော်(PPDF)နှင့် ပုလော ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)တို့က မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိသူ တချို့ရှိသော်လည်း အတည်မပြုနိုင်သေးကြောင်း PPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ်
==============

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အခွန် ရုံး၊ မီးသတ်ရုံးနှင့် မြို့ပတ်လမ်းပေါ်ရှိ စည်ပင်ရုံးတို့ကို ဧပြီလ ၆ရက်နေ့ နံနက် ၁ဝ နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ် တော်လှန်ရေး အင်အားစု (PRF)က ဖောက်ခွဲ တိုက်ခိုက်ခဲ့သော်လည်း အခွန် ရုံး၊ မီးသတ်ရုံး တို့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စည်ပင်ရုံးတွင်သာ ဗုံး၂လုံး ပေါက်ကွဲခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို အတည်မပြု နိုင်သေးကြောင်း PDF အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရုံးများကို တိုက်ခိုက်ရခြင်းသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပြည်သူလူထု၏ ကား၊ ဆိုင်ကယ်များအား စစ်ဆေးကာ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးနေခြင်း၊ ပြည်သူကို စိတ်အနှောင့်အယှက်ပေး အနိုင်ကျင့် စော်ကားနေခြင်းတို့ကြောင့် စည်ပင်ဝန်ထန်းရုံးနှင့် မီးသတ်ရုံးများကို သတိပေး ဖောက်ခွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း PRF အဖွဲ့မှ ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ မတူပီမြို့
==============

မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ်ရှိ ကျောက်ထု-မတူပီ လမ်းပိုင်းတွင် မတူပီသို့ အင်အား ဖြည့်တင်းရန် လာသော အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းနှင့် မတူပီမှ ဆင်းကြိုသည့် စစ်ကောင်စီ တပ်ဖွဲ့များသည် ဧပြီလ ၆ရက်နေ့တွင် မွန်းလွဲ ၁၂နာရီခန့်အချိန် မိုင်တိုင် ၈၄ ရှိ ရမ်တိန်းကျေးရွာကို မီးရှို့ဖျက်ဆီး နေကာ ဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း CDF- Matupi တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်း၊ မုံရွာမြို့
==========

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရှိရာ နေရာ ၅ခုကို ဧပြီလ ၅ရက်နေ့ ည ၇နာရီမှ ၉နာရီအထိ လက်ပစ် မိုင်းများဖြင့် ဖောက်ခွဲ တိုက်လိုက်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော ကားလေး ကွင်းမီးပွိုင့်၊ ဒေါင်းကျောင်းထောင့်၊ မီးရထားဘူတာရုံအနီး၊ မြို့ပတ်လမ်း တစ်နေရာနှင့် ပြည်ထောင်စုလမ်း ယာဥ်ထိန်းရုံး တို့ကို Unity Force Monywa နှင့် Brother Defense Force မြို့ပြပျောက်ကျား တပ်ဖွဲ့များက ဖောက်ခွဲ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့ပတ်လမ်း တစ်နေရာနှင့် ယာဉ်တန်းရုံးရှိ စစ်ကောင်စီ တပ်ဖွဲ့များကို လက် ပစ်ဗုံး အကြီးစားများဖြင့် တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း မြို့ပြပျောက်ကြား တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Photo – AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article