By လမ်းသစ်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့ တွေ့ဆုံပွဲအပြီး ထွက်ပေါ်လာသော သတင်းအချက်အလက်များကို ကြည့်လျှင် တရုတ်သည် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဘက်မှ မားမားမတ်မတ် ရပ်တည်လိုက်ပြီ ဆိုသည်မှာ ထင်ရှားလှသည်။ တနည်းအားဖြင့်
တရုတ်နိုင်ငံသည် ၎င်းနိုင်မည် ထင်သော မြင်းကို လောင်းကြေးတင်လိုက်ခြင်းဟု ယူဆရတော့မည် ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူသည် တရုတ်နိုင်ငံသို့ ယခုလဆန်းပိုင်းအတွင်း သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံမှုအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်း စစ်ကောင်စီကို ယွမ်သန်း ၆၅၀ (အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော်) ထောက်ပံ့မည်ဟု ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံအတွင်း တရားမဝင် အာဏာသိမ်းမှုဖြစ်ပွားပြီး တစ်နှစ်ကျော်အကြာတွင် တရုတ်အနေဖြင့် စစ်ကောင်စီအား နောက်ကွယ်မှ ပံ့ပိုးနေသည့် အဆင့်ကိုကျော်လွန်ပြီး ယခုကဲ့သို့ ပေါ်ပေါ်ထင်ထင်ပင် ကူညီလာခြင်းပင် ဖြစ်သည်။
ဆွေးနွေးမှုများအတွင်း မြန်မာပြည်တွင်း နိုင်ငံရေး ပြန်လည်သင့်မြတ်မှု အကောင်အထည်ဖေါ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေး တရုတ်မှ ကူညီမည်ဟု ဝမ်ယိက ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အပါအဝင် အဓိကအထင်ကရ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးချက်အပါအဝင် ဆင်းရဲမှုလျှော့ချရေး သရုပ်ပြပရောဂျက်များကို အမြန်မြှင့်တင်ပြီး ရောဂါထိန်းချုပ်ရေးဌာန၊ ကျေးလက်လမ်းနှင့်တံတားများ၊ စက်မှုလေ့ကျင့်ရေးစင်တာ စသည့်ပူးပေါင်းဆောင်ရွက်မှုတို့ကို အရှိန်မြှင့်တင်မည်ဟု ဝမ်ယိက ပြောကြားခဲ့ကြောင်း တရုတ်သတင်းများတွင် ဖော်ပြထားသည်။
အခြားတဖက်တွင်လည်း ယူကရိန်းအပေါ် ရုရှ၏ကျုးကျော်စစ် ဆင်နွဲမှုကြောင့် လောင်စာဆီဈေး မြင့်တက်မှုနှင့် လိုအပ်ချက်မြင့်မားလာခြင်းနှင့်အတူ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများမှတဆင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ရေနံစိမ်းများကို ယခုထက်ပို၍ သယ်ယူလိုသည့် သဘောကိုပြနေသည်။
ထို့အတူ တရုတ်စီးပွားရေးစင်္ကြန်အတွက် အရေးပါသည့် ဒေါ်လာဘီလီယံချီတန်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အလျှင်အမြန် ပြန်လည် အကောင်ထည်ဖော်လိုနေသည်။
တရုတ်နယ်စပ်မှတဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ကျောက်ဖြူကဲ့သို့ နေရာများကို ချိက်ဆက်မည့် လမ်းကြောင်းများကိုလည်း အလျှင်အမြန် တည်ဆောက်လိုနေသည်။
သဘောတူညီထားသော ကုန်သွယ်ရေးစီမံကိန်းအားလုံးသည် တရုတ်နိုင်ငံဘက်ခြမ်းတွင် ရာနှုန်းပြည့်ပြီးစီးနေပြီး၊ မြန်မာဘက်ခြမ်းတွင် ကျန်ရှိနေခြင်း ဖြစ်သည်။
အထူးသဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းရှိ ၄င်းတို့၏ စီမံကိန်းများအားလုံးကို အလျှင်အမြန် ပြန်လည်စတင်လိုနေဟန်တူပြီး ထိုကိစ္စများ အကောင်အထည်ဖော်ရန် အာဏာသိမ်းစစ်ကောင်စီထံ အပြည့်အဝ ထောက်ခံလောင်းကြေးထပ်လိုက်ခြင်းလည်း ဖြစ်သည်။
ထို့အပြင် အနောက်အုပ်စု၏ ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများကို ကြည့်ကာ တရုတ်သည် ၎င်းအတွက် ထွက်ပေါက်များစွာ ဖွင့်လှစ်ထားရန် လိုကြောင်း ပိုနားလည်လာပုံ ရသည်။
တရုတ်နိုင်ငံအနေနှင့် တောင်တရုတ်ပင်လယ်တွင် တောင်ကိုရီးယား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသလို အနောက်ဘက်ခြမ်းတွင်လည်း ရှန်းကျန်ဒေသရှိ မွတ်စလင်လူမျိုးစုများကို ဖိနှိပ်ခြင်း၊ ပိတ်ပင်ကန့်သတ်ခြင်းစသည့် လူအခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်နေသည် ဟူသော ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ဉရောပဈေးကွက်ကို ကုန်းလမ်းမှတဆင့်သွားရာတွင် အရေးပါသည့် တရုတ်၊ ကာဇက်စ္စတန်၊ ရုရှား၊ ဉရောပ ရထားလမ်းမှာလည်း ရုရှားကိစ္စကြောင့် ကုန်သွယ်မှု မပြုလုပ်နိုင်တော့ချေ။
လက်ရှိ တောင်ဘက်ခြမ်းတွင်လည်း မွက်စလင်နိုင်ငံများရှိကာ ဆက်ဆံရေးထူထောင်နေသော်လည်း ရှန်းကျန်းအရေးကိစ္စကြောင့် အားကိုးလောက်သည့် အခြေအနေ မရှိချေ။
ထိုကြောင့် စစ်အာဏာသိမ်းပြီး ပဋိပက္ခကြီးထွားနေသည့် မြန်မာသည်သာ တရုတ်အတွက် အရေးပါသည့် ထွက်ပေါက်တစ်ခု ဖြစ်လာနေသည်။
ရုရှား၏ ကျုးကျော်စစ်ကြောင့် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံသည် ယခင်ထက် သာ၍ ကြီးမားပြီး အရေးပါသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာနေသည်။
မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံဖယိုဖရဲ ဖြစ်နေသော်လည်း တရုတ်အတွက် ကြီးစွာသော အဓိက ထောက်ပံ့ရေး လမ်းကြောင်းတစ်ခု ဖြစ်လာနေသည်။
တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် ဩစတေးလျှနိုင်ငံ မှ လောင်စာရယူမှီခိုရမှုကို လျော့ချရန်အတွက်သာမက ဆော်ဒီနိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ ရေနံစိမ်းများကို သယ်ယူပို့ဆောင်ရန် အချိန်၊ ကုန်ကျစာရိတ် များစွာ လျော့ချနိုင်သည့်အတွက် တရုတ်အတွက် ပို၍အရေးပါသည့် ပိုက်လိုင်းတခုအဖြစ် ရောက်လာသည်။
တဖန် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းမည့် ကုန်စည်ပို့ ရထားသည် ၂၀၂၂ခုနှစ် ဧပြီ ၂ ရက်နေ့ က ချုံချင့်မီးရထား ကွန်တိန်နာစင်တာမှ ပထမဆုံး စတင်ထွက်ခွာခဲ့ပြီး ကုန်း-ရေ နှစ်သွယ် လမ်းကြောင်းသစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွားရောက်မည့် လမ်းကြောင်းသစ် ဖြစ်ကြောင်း တရုတ်က ကြေညာခဲ့သည်။
အဆိုပါအခင်းအကျင်းများနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ တရုတ်စီမံကိန်းများကို အမြန်စတင်လိုနေသည့် တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်သော ကူညီထောက်ပံ့ငွေကို ပေးအပ်ရင်း လောင်းကြေးထပ်လိုက်ခြင်းလည်းဖြစ်သည်။
တရုတ်၏ ကူညီမှုသည် မည်သည့်အခါကမှ အခမဲ့ အချည်းနှီး မဟုတ်သည် ဖြစ်ရာ အာဏာသိမ်းစစ်ကောင်စီအနေနှင့် နိုင်ငံ၏အချုပ်အခြာကို လောင်းကြေးတင်လိုက်ရုံမျှမက တရုတ်အတွက် အကျိုးစီးပွားဖြစ်ထွန်းစေမည့် တခြားအခွင့်အလမ်း၊ စီမံကိန်းများကိုပါ အကောင်အထည်ဖော်ပေးရမည့် အနေအထားသို့ ဆိုက်ရောက်မည်သာဖြစ်သည်။
အခြားတဖက်တွင်လည်း တရုတ်ချေးငွေများအတွက် ယခုနှစ်အတွင်း ချေးငွေအတိုးအရင်းပေါင်း ကန်ဒေါ်လာ သန်းရာနှင့်ချီ၍ တရုတ်နိုင်ငံသို့ ပေးဆပ်ရမည့်အချိန်လည်း ဖြစ်နေသည်။
အချုပ်အားဖြင့် တရုတ်သည် အာဏာသိမ်းစစ်ကောင်စီကို ပံ့ပိုးလိုက်ခြင်းအားဖြင့် ၎င်း၏ အကျိုးစီးပွား၊ စီမံကိန်းလုပ်ငန်းများ လုံခြုံစေရုံသာမက ကာကွယ်ပေးနိုင်မည် ဟု ယူဆထားပုံရသည်။
ထို့ကြောင့် မြန်မာပြည်သူတို့၏ သဘာထားဆန္ဒထက် ၎င်း၏ အကျိုးစီးပွားကို ဦးစားပေးပြီး အာဏာသိမ်းစစ်ကောင်စီ သက်ဆိုးရှည်စေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
တနည်းအားဖြင့် ပြည်သူတို့၏ စစ်အာဏာရှင်ကို ဆန့်ကျင်နေသော မြန်မာ့နွေဦးတော်လှန်ရေး၏ အရှိန်ကို လျော့ပေါ့ တွက်ဆလိုက်ခြင်းလည်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအတွက်မူ စစ်ပွဲသည် ယခုမှ စသည်ဟု ဆိုရနိုင်သည့် အခြေအနေတရပ်တွင် ရှိနေရာ တရုတ်၏ ဘက်ရွှေ့ လောင်းကြေးထပ်လိုက်ခြင်းသည် မြန်မာပြည်သူတို့၏ သဘောထားဆန္ဒကို ပယ်ချလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ တရုတ်က ၎င်းနိုင်မည်အထင်နှင့် လောင်းကြေးထပ်လိုက်သော မြင်း၏ ခြေကို ရိုက်ချိုးရမည်မှာ နွေဦးတော်လှန်ရေးမှ ပေးအပ်လာသော မြန်မာပြည်သူတို့၏ သမိုင်းပေးတာဝန်သာ ဖြစ်ပေသည်။