32 C
Yangon

ထိုင်းနိုင်ငံ ပိုင်နက် အတွင်း မြန်မာစစ်တပ် အချိန်မရွေး ဝင်ရောက်ခွင့် ရရှိနေမှုကို စုံစမ်းစစ်ဆေးရန် ထိုင်း အတိုက်အခံ လွှတ်တော်အမတ်က ထိုင်းအစိုးရကို တောင်းဆို

Must read

ထိုင်းနိုင်ငံ ပိုင်နက် အတွင်း မြန်မာစစ်တပ် အချိန်မရွေး ဝင်ရောက်ခွင့် ရရှိနေမှုကို စုံစမ်းစစ်ဆေးရန် ထိုင်း အတိုက်အခံ လွှတ်တော်အမတ်က ထိုင်းအစိုးရကို တောင်းဆို

ရန်ကုန် ၊ စက်တင်ဘာ ၁၃

ထိုင်းနိုင်ငံ-မြန်မာနိုင်ငံ နယ်စပ်၊ ထိုင်းပိုင်နက် တက်ခ့်ခရိုင်ထဲသို့ မြန်မာစစ်သား အများအပြား ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတွေ အပေါ် သေသေချာချာ စုံစမ်းစစ်ဆေးပေးဖို့ Fair Party မှ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်က ထိုင်းအစိုးရကို တောင်းဆိုလိုက် တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက မနေ့က သတင်းဖော်ပြခဲ့ပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်က “စက်တင်ဘာလ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံနယ်စပ်က ကျေးရွာနှစ်ရွာဖြစ်တဲ့ ဘန်လီတွန်ခူး နဲ့ ဘန်မိုတလူအာ တွေကတဆင့် မြန်မာစစ်တပ်ရဲ့ တပ်သား ၈၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်လာတယ် ဆိုတဲ့ ဒေသန္တရ သတင်းတွေသာ မှန်ကန် နေတယ်ဆိုရင် ပြည်သူတွေကို အစိုးရအနေနဲ့ တရားဝင် ကြေညာပေးဖို့ လိုတယ်” လို့ ဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မြန်မာ့ အာဏာသိမ်း စစ်အုပ်စု တို့ အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန် ဖြစ်တာကြောင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာသူတွေဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အဖွဲ့ဝင်တွေလို့ ဒေသခံတွေက ယူဆသွား နိုင်တာကြောင့် ရှင်းလင်းပေးဖို့ လိုအပ်တယ်လို့ ကန်နာဝီက ဆိုပါတယ်။

“ထိုင်းနယ်စပ်ထဲကို မြန်မာစစ်သား ၁၀၀ နီးပါး ဝင်ရောက်ခွင့်ပြုထားတာဟာ နှစ်နိုင်ငံ နယ်စပ် ရေးရာ ကိစ္စထက် အများကြီးပိုတဲ့ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ အရေးဖြစ်သွား ပါပြီ” လို့ သူက ထောက်ပြပါတယ်။

ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့အနေနဲ့လည်း အဆိုပါ ကိစ္စရပ်မျိုးကို အလေးအနက် စုံစမ်းစစ်ဆေးသင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဆက်နွယ်တဲ့ အ‌ရေးကိစ္စ တစ်ခုအနေနဲ့ ကိုင်တွယ်သင့်လို့ အကြံပြုထားပါတယ်။

မြန်မာဘက်က လာတဲ့ သတင်းတွေအရ ထိုင်းနယ်စပ်ထဲကို ဝင်‌ရောက်လာတဲ့ စစ်သား ၁၀၀ နီးပါးဟာ ထိုင်းဒေသခံတွေနဲ့ ကီလိုမီတာ အနည်းငယ်သာ ဝေးကွာတဲ့ လယ်ကွင်းတွေထဲမှာ စခန်းချခဲ့ပြီး ရွာသားတွေက သက်ဆိုင်ရာကို အကြောင်းကြားတဲ့အခါမှာတော့ ထိုင်းစစ်သားတွေက တစ်စုံတရာ လုပ်ကိုင်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာပြည်ဘက်အခြမ်းမှာ KNLA တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး လမ်းတွေပိတ်ထားတာကြောင့် ထိုင်း စစ်တပ်ရဲ့ နရဲစွမ် (Naresuan) Task Force က အဆိုပါ လမ်းတွေ ပြန်ဖွင့်ပေးရေး မြန်မာ စစ်သား တွေနဲ့ KNLA အကြား ညှိနှိုင်းကြဖို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

နောက်ရက်တွေမှာလည်း မြန်မာစစ်သား ၁၀ ဦးကနေ ၂၀ ဦးက ဘန်လီတွန်ခူးရွာကို လာ‌ရောက်ကာ စားစရာတွေ ဝယ်ခဲ့တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးကို ထိုင်းဒေသခံတွေ သတင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ ရက်ကွက် လူကြီး Choku Rotsirichai က ထိုင်းစစ်တပ်ဟာ မြန်မာစစ်သားတွေ ချောချောချူချူ အိမ်ပြန်နိုင်ရေး KNLA ကို တပ်သားတွေ စေလွှတ်ကာ ညှိနှိုင်းစေခဲ့တယ်လို့ အစီရင်ခံထားပါတယ်။

ကန်နာဝီ ဆစ်ဘ်ဆန်(Kannavee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။

အတိုက်အခံအမတ်လည်းဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဖောင်ဒေးရှင်း တွေတည် ထောင် ထားသူလည်းဖြစ်တဲ့ ကန်နာဝီ ဟာ မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက် မှုတွေ၊ စစ်ရာဇဝတ် ကျူးလွန်မှုတွေကြောင့် ထိုင်း – မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာ စစ်ဘေးဒုက္ခ‌သည်တွေအတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှု စင်္ကြံ ဖွင့် လှစ်နိုင်ရေးထိုင်းအောက်လွှတ်တော် အစည်းအဝေးမှာ အဆိုတင်သွင်းခဲ့ သူလည်းဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article