By ADELINA KAMALမကြာမီကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသည် မြန်မာနိုင်ငံ၌ လက်ရှိ မတိုးသာမဆုတ်သာ ဖြစ်နေသည့် လူသားချင်းစာနာမှုအခြေအနေများကို ကျော်လွှားနိုင်ရေး ချဉ်းကပ်မှု အသစ်များကို စဉ်းစားခွင့်ရရှိလာစေမည် ဖြစ်သည်။
လာမည့် ရက်သတ္တပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အွန်လိုင်းနှင့် လူကိုယ်တိုင် တက်ရောက်မှု ပေါင်းစပ်ကျင်းပသည့် ဟိုက်ဘရစ်အစည်းအဝေးကို ဖနွမ်းပင်မြို့၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာ့အကျပ်အတည်းကို အဓိကထားဆွေးနွေးဖွယ်ရာရှိသည်ဟု မျှော်လင့်ရသည်။
အာဆီယံ သဘောတူညီမှုငါးချက်ကို အကောင်အထည်ဖော်ရာ၌ တိုးတက်မှု မရှိသည့်ကိစ္စနှင့် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပုံရသော မြန်မာလူသားချင်းစာနာမှု အခြေအနေအား မည်သို့ကိုင်တွယ် ဆောင်ရွက်မည်ဟူသော ကိစ္စများမှာ အစည်းအဝေးအစီအစဉ်၌ အသေအချာ ပါဝင်လာမည် ဖြစ်သည်။
လူသားချင်းစာနာမှု အကူအညီမှာ တစ်ခါတစ်ရံ အလွန်ပင် နိုင်ငံရေးသဘော ဆန်တတ်ကြောင်း၊ အထူးသဖြင့် အကျပ်အတည်းသည် ပဋိပက္ခတစ်ခုမှ ပေါက်ဖွားလာခြင်းဖြစ်ပါက ပို၍ နိုင်ငံရေးသဘောဆန်တတ်ကြောင်း နားလည်ရန်အရေးကြီးသည်။
လက်ရှိပြဿနာများအကြား ထိခိုက်မှုအရှိဆုံး လူထုထံ တုံ့ပြန်ကူညီမှုများ အလျင်အမြန် ဆောင်ရွက်ပေးရာ၌ အဟန့်အတားဖြစ်နေရခြင်း၏ အကြောင်းရင်းတစ်ခုမှာ နိုင်ငံရေး သွက်ချာပါဒ လိုက်နေခြင်းဖြစ်သည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ကဲ့သို့ နှစ်စဉ် အပြောင်းအလဲ ဖြစ်နေသော စနစ်ဖြင့် အလျဉ်းသင့်သလို ကျပန်းချဉ်းကပ်မှုမျိုးသည် ပဋိပက္ခများ၌ အလုပ်ဖြစ်ရန်လိုအပ်သော တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်မှုကို ပေးစွမ်းနိုင်ခြင်း မရှိပေ။
ပဋိပက္ခအတွင်းမှ မြန်မာပြည်သူများကို ကူညီရန်မှာ ငွေကြေးရင်းမြစ်များ လိုအပ်သည်။ ယင်းသို့ ရန်ပုံငွေ ထူထောင်ရာ၌ အခြား အလားတူ အရေးကြီးသော ကိစ္စများနှင့် ပြိုင်ဆိုင်ရသလို အချို့ဖြစ်ရပ်များတွင် ပြဿနာပိုမိုကြီးမားပြီး နိုင်ငံရေးအရ ပို၍ သိသာမြင်သာသော တခြားအကြပ်အတည်းများနှင့် ရင်ဆိုင် ယှဉ်ပြိုင်ကြရလေ့ရှိသည်။
မြန်မာ့လူဦးရေ၏ ၁၁ ရာခိုင်နှုန်းရှိသော ပြည်သူ ၆.၂ သန်းအတွက် လိုအပ်သည့် လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် မြန်မာလူသားချင်းစာနာမှု တုံ့ပြန်ရေး စီမံချက်ခေါင်းစဉ်ဖြင့် ကမ္ဘာ့ကုလသမဂ္ဂက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၂၆ သန်း တောင်းခံလျက်ရှိသည်။
ထိုသို့ တောင်းခံနေဆဲမှာပင် ၂၀၂၂ ခုနှစ်အတွင်း၌ ကမ္ဘာတစ်လွှား လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်မှာအမေရိကန်ဒေါ်လာ ၄၁ ဘီလီယံအထိ မြင့်တက်လာနေသည်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင် တိုက်ပွဲများနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများမှာ ဆီရီးယား၊ ယီမင်နှင့် အာဖဂန်နစ္စတန် နိုင်ငံများနှင့် နှိုင်းယှဉ်နိုင်လောက်သည့် အတိုင်းအတာရှိသော်လည်း ကမ္ဘာ့ အာရုံစိုက်မိမှုတွင်မူ မြန်မာ့အရေးမှာ အဆိုပါ နိုင်ငံများလောက် ထင်ရှားပေါ်လွင်ခြင်း မရှိခဲ့ပေ။
#ပုံမှန်လုပ်နေကျ နည်းလမ်းများဖြင့်သာ ဆောင်ရွက်နေမည့်အစား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် စေ့စပ်ညှိနှိုင်းမှု မပြုလုပ်ဘဲ လူသားချင်းစာနာမှု နယ်ပယ် တိုးချဲ့ နိုင်ရေးအတွက် ယခုအပတ်အတွင်း ကျင်းပမည့် သီးသန့်အစည်းအဝေးကို အသုံးချသင့်သည်။
မြန်မာ့အရေးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အလေးအနက် စတင် သုံးသပ်ဝေဖန်ကြသည့်အခါ မြန်မာ့လူသားချင်းစာနာမှု အကြပ်အတည်းအား တုံ့ပြန်ဆောင်ရွက်ရာ၌ အောက်ပါ ချဉ်းကပ်မှု သုံးမျိုးမှာ အသုံးဝင်ကောင်း ဝင်နိုင်လိမ့်မည် ဖြစ်သည်။
#အစဉ်အလာအတိုင်း အပေါ်ယံ ကူညီခြင်း။ လက်ရှိအခြေအနေတွင် အဆိုပါနည်းလမ်းမှာ အခြားချဉ်းကပ်မှုများထက် ပိုကောင်းသော နည်းလမ်း ဖြစ်ဖွယ်ရှိသည်။ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့များသည် အကန့် အသတ်နှင့် ထိန်းချုပ်မှုရှိသော အတိုင်းအတာအတွင်း လူ့အသက်များကို တတ်နိုင်သမျှ ကြိုးစား ကယ်တင်နိုင်မည် ဖြစ်သည်။ သို့သော် ယင်းသို့ ကြိုးပမ်းမှုကို မြန်မာစစ်တပ်၏ စိစစ်မှုအောက်တွင် ဆောင်ရွက်ရပေမည်။
စစ်အစိုးရက လူသားချင်းစာနာမှုအဖွဲ့များ၏ သွားလာလှုပ်ရှားမှုကို ဆက်လက်ကန့်သတ်ခြင်း၊ အကူအညီများကို လက်နက်အဖြစ်လည်းကောင်း၊ ၎င်းတို့အကျိုးအတွက်လည်းကောင်း အသုံးချခြင်း သို့မဟုတ် လေလွင့်ပြုန်းတီးစေခြင်းတို့ကြောင့် ဤနည်းလမ်းမှာ တိုးတက်မှု နည်းပါးနိုင်သည်။ တော်လှန်ရေးအုပ်စုများကလည်း ဤအကူအညီပေးမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲရှောင်ဖယ်ကာ လူသားချင်းစာနာမှုအဖွဲ့များမှာ စစ်အစိုးရဘက်တွင် ရပ်တည်နေသည်ဟု စွပ်စွဲကြဖွယ်ရှိသည်။
#လက်တွေ့အလုပ်ဖြစ်သောချဉ်းကပ်မှု။ ဤနည်းလမ်းမှာ နယ်စပ်ဖြတ်ကျော် ရောဂါကူးစက်မှုများ ဟန့်တားရေးအတွက် တရုတ်တို့က စစ်အစိုးရသာမက၊ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုပါ ကိုဗစ်-၁၉ အကူအညီများ ပေးအပ်ခဲ့သည့် ချဉ်းကပ်မှုမျိုး ဖြစ်သည်။
ထိုင်းနှင့် အိန္ဒိယကဲ့သို့ အခြား အိမ်နီးချင်း နိုင်ငံများကလည်း မိမိတို့ ပြည်သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် အလားတူ လက်တွေ့အလုပ်ဖြစ်သော ချဉ်းကပ်မှုကို စဉ်းစားနိုင်ပြီး ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံမှ ပြည်သူများအား ကူညီရန် ၎င်းတို့ နယ်စပ်ဒေသ၌ လူသားချင်း စာနာမှု စင်္ကြများ တည်ဆောက်နိုင်ကြသည်။
အဆိုပါ “ကြားခံဇုန်များ”သည် ကိုဗစ်-၁၉ ကူးစက်မှုသာမက အလွန်အမင်း ဆင်းရဲမွဲတေခြင်းကြောင့် ဖြစ်သောအခြား ရောဂါများကိုပါ ကာကွယ်ဟန့်တားနိုင်ပြီး မြန်မာဒုက္ခသည်များ မိမိနိုင်ငံအတွင်းသို့ လျှံထွက် ဝင်ရောက်လာမှုကိုလည်း အနည်းဆုံး ဖြစ်စေနိုင်သည်။
#လူသားချင်းစာနာမှုတော်လှန်ရေး။ ဤနည်းလမ်းမှာ စစ်အစိုးရနှင့် လုံးဝချိတ်ဆက်ခြင်း မပြုလုပ်သည့် နည်းလမ်းဖြစ်သည်။ လူသားချင်းစာနာမှု အကူအညီပေးရာတွင် တော်လှန်ရေးအဖွဲ့များကို ဦးစားပေးသည်ဟု စစ်အစိုးရက အထူးပြစ်တင်ဝေဖန်ကောင်း ဝေဖန်နိုင်သည်။
သို့သော် ဤနည်းလမ်းတွင် ယုံကြည်ရသော အစိုးရမဟုတ်သည့် ပြည်တွင်းအဖွဲ့များ၊ ကွန်ယက်များမှတစ်ဆင့် အကူအညီပေးအပ်ခြင်းဖြစ်သဖြင့် လူထုအား လုပ်ပိုင်ခွင့်များ ပိုမိုအပ်နှင်းနိုင်သလို ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ကြံ့ကြံ့ခံမှုကိုလည်း တည်ဆောက်ပေးနိုင်မည် ဖြစ်သည်။
တိုင်းရင်းသား ရပ်ရွာလူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းများသည် နယ်စပ်ဒေသများ ၌ ဆယ်စုနှစ်များစွာကြာအောင် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိရာ ၎င်းတို့မှာ ဤနည်းလမ်းကို စတင်ကျင့်သုံးဆောင်ရွက်ရန် အလားအလာ ရှိသောအဖွဲ့များ ဖြစ်ကြသည်။
ထို့အတူ ပြင်ပမှ ဆိုးဝါးပြင်းထန်သောသက်ရောက်မှုများ သို့မဟုတ် ၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကဲ့သို့ မမျှော်လင့်သော ရာသီဥတု ရိုက်ခတ်မှုဒဏ်များကြောင့် လူသားချင်းစာနာမှု အခြေအနေမှာ လုံးဝ ပြိုလဲပျက်စီးသွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားထားသင့်သည်။
မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)က အစည်းအဝေးတက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ်မည် မဟုတ်သဖြင့် နိုင်ငံခြားရေးဝန်ကြီးများသည် နစက မပါသော သမရိုးကျမဟုတ်သည့် ချဉ်းကပ်မှုများကို အစည်းအဝေး၌ စဉ်းစားခွင့် ရရှိလာမည် ဖြစ်သည်။
ပုံမှန်လုပ်နေကျ နည်းလမ်းများဖြင့်သာ ဆောင်ရွက်နေမည့်အစား အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် စေ့စပ်ညှိနှိုင်းမှု မပြုလုပ်ဘဲ လူသားချင်းစာနာမှု နယ်ပယ်တိုးချဲ့နိုင်ရေးအတွက် ယခုအပတ်အတွင်း ကျင်းပမည့် သီးသန့်အစည်းအဝေးကို အသုံးချသင့်သည်။
ပထမဦးစွာ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (အေအိတ်ချ်အေ) မှတစ်ဆင့် အကူအညီ ပေးအပ်မည့်အစား အာဆီယံသည် လူထုကယုံကြည်ပြီးဖြစ်သည့် အစိုးရမဟုတ်သော ပြည်တွင်အဖွဲ့များ၊ ကွန်ရက်များမှ တစ်ဆင့် ဒုက္ခရောက်နေသော ပြည်သူများထံအကူအညီများ ဝေမျှ ဖြန့်ဖြူးနိုင်မည့် စုပေါင်းနိုင်ငံရေးစွမ်းအားကို ပို၍အလေးပေးသင့်သည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ဒေသတစ်လျှောက် အကူအညီများ ပေးလျက်ရှိသည့် တိုင်းရင်းသား ရပ်ရွာလူထုအခြေပြု ကျန်းမာရေးအဖွဲ့များထံ ပေးအပ်သည့် အထောက်အပံ့များအား ပြန်လည်၍ အစီအစဉ်ရေးဆွဲ တိုးမြှင့်ပေးအပ်နိုင်ရေး အာဆီယံအဖွဲ့ဝင်များ၊ မိတ်ဖက်များ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့များနှင့် အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ ကိုဗစ်-၁၉ အကူအညီ ရန်ပုံငွေများကို အာဆီယံက တောင်းဆိုနိုင်သည်။
ဒုတိယအချက်အနေဖြင့် အိမ်နီးချင်းနိုင်ငံများသည် မြန်မာနိုင်ငံမှ လျှံထွက်ဝင်ရောက်လာမည့် ဒုက္ခသည်များ အရေးအတွက် လက်တွေ့အလုပ်ဖြစ်သော ချဉ်းကပ်မှုကို စဉ်းစားနိုင်သည်။ ဤနည်းလမ်းတွင် စီးပွားရေး၊ ကျန်းမာရေးနှင့် လူသားလုံခြုံရေးဆိုင်ရာ အကျိုးကျေးဇူးများ ရှိနေသည်။
ကြားခံဇုန်များမှတစ်ဆင့် ပေးအပ်သော အထောက်အပံ့သည် နယ်စပ်ဒေသ စီးပွားရေးလုပ်ငန်းများကို အကူအညီဖြစ်စေရုံမက ပဋိပက္ခကြောင့် ထိခိုက်ရသောပြည်သူများအား နေရာတကျဖြစ်စေကာ အိမ်နီးချင်း နိုင်ငံများအပေါ် နောက်ထပ် ဆိုးကျိုးသက်ရောက်မှုများမှ အကာအကွယ်ပေးနိုင်သည်။
တတိယအချက်မှာ လူသားချင်းစာနာမှု ညွန့်ပေါင်းအဖွဲ့ တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံက တက်ကြွစွာ ချိတ်ဆက်ပူးပေါင်းသင့်သည့် အချက်ဖြစ်သည်။
အာဆီယံသည် အဆိုပါ လူသားချင်းစာနာမှုစင်္ကြန်များ စတင်ပြင်ဆင်နိုင်ရေး ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ)၊ အခြား လူသားချင်း စာနာမှု မိတ်ဖက်များနှင့် ပူးပေါင်း၍ မဟာဗျူဟာများ ရေးဆွဲချမှတ်သင့်သည်။
စတုတ္ထအချက်အနေဖြင့် မြန်မာ့လူသားချင်း စာနာမှုတော်လှန်ရေးကို ကူညီရန် အစိုးရမဟုတ်သော အဖွဲ့များ၊ ပုဂ္ဂလိကကဏ္ဍတို့ အပါအဝင် အာဆီယံအသိုက်အဝန်းများက ပြည်သူအချင်းချင်း စည်းလုံးညီညွတ်ရေး လှုပ်ရှားမှုကို အတူတကွကြိုးပမ်းဆောင်ရွက်သင့်ကြသည်။
ဒုက္ခရောက်နေသော ပြည်သူများအားလိုအပ်သော အကူအညီမျာပေးရာတွင် အာဆီယံအစိုးရများအကြား ချိတ်ဆက်ဆောင်ရွက်မှုက လေးလံနှေးကွေးနေလျှင် အာဆီယံပြည်သူများက မြန်မာလူထုနှင့် ညီညီညွတ်ညွတ် ပူးပေါင်း၍ ရှေ့သို့တိုးတက် ဆောင်ရွက်သင့်သည့် အချိန်သို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။
=============
(FULCRUM တွင် ADELINA KAMAL ရေးသားဖော်ပြထားသော Myanmar Crisis: A Humanitarian Stalemate or Fresh Opportunities? ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ထားခြင်း ဖြစ်ပါသည်)။