By လမ်းသစ်
ကြားရသူတိုင်း၏ စိတ်နှလုံးကို ထိခိုက်စေသည့် လုပ်ရပ်တစ်ခုကို အကြမ်းဖက်စစ်ကောင်စီက မကြာသေးမီက ထပ်မံကျူးလွန်ခဲ့ပြန်သည်။
အသက် ၃နှစ် အရွယ် လူမမယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အလုံမြို့နယ်ရှိ မူကြိုကျောင်းတစ်ခုအတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ မိဘများက PDFများကို ထောက်ပံ့သည်ဟုဆိုကာ ကလေးငယ်ကို ဓါးစာခံအဖြစ် ရက်ရက်စက်စက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ကလေးငယ်ကို ဖမ်းဆီးချိန်တွင်လည်း ဆရာမများနှင့်အခြေအတင်ဖြစ်ခဲ့ကာ သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွားခြင်းဟု သတင်းများကဆိုသည်။
ကလေး၏ မိခင်ဖြစ်သူကိုလည်း ယင်းနေ့နံနက်ပိုင်းတွင် ကားနှင့်တိုက်၊ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု နီးစပ်သူများကို ကိုးကား၍ သတင်းများက ဖော်ပြခဲ့သည်။ တော်လှန်ရေးသတင်းများ ပိုရရှိနိုင်ရန်အတွက် အကျပ်ကိုင် မေးမြန်းရန် ကလေးငယ်ကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု သုံးသပ်ခဲ့ကြသည်။
အဆိုပါလုပ်ရပ်သည် ရာဇသတ်ကြီးနှင့် ကလေးသူငယ် ကာကွယ်ရေး ဥပဒေများကို ပေါ်ပေါ်ထင်ထင် ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များကဆိုသည်။ အသက်မပြည့်သေးသည့် ကလေးသူငယ်တစ်ဦးသည် လူသတ်မူကဲ့သို့ ရာဇဝတ်မူမျိုးကို ကျူးလွန်ခဲ့လျင်တောင် ထိုသို့ ဖမ်းဆီးအရေးယူနိုင်ခွင့် မရှိဟုလည်း ထောက်ပြကြသည်။
တနည်းအားဖြင့် လူသားတစ်ယောက်အနေနှင့် မကျူးလွန်သင့်သည့် စည်းတစ်ခုကို လူမဆန်စွာ အောက်တန်းစွာ ချိုးဖောက် ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။
ယင်းဖြစ်စဉ်ကိုကြည့်ပါက အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆပါက မည်ကဲ့သို့ လုပ်ရပ်မျိုးကိုဖြစ်စေ ကျူးလွန်ရန် ဝန်မလေးသည်မှာ ထင်ရှားနေသည်။
ကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများကိုဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်း၊ ဘာသာရေး အဆောက်အဦးများပါမချန် လေကြောင်းမှ ဗုံးကြဲခြင်း၊ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ၎င်းတို့ကိုဆန့်ကျင်သူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်းစသည့် အကြမ်းဖက် မင်းမဲ့လုပ်ရပ်များကို စစ်ကောင်စီက အဆက်မပြတ် ကျူးလွန်နေခြင်းလည်း ဖြစ်သည်။
သတင်းမီဒီယာများနှင့် စောင့်ကြည့်အဖွဲ.အစည်းများ၏ မှတ်တမ်းများအရလည်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ အသက်မပြည့်သေးသည့် ကလေးတစ်ရာကျော်မှာ စစ်ကောင်စီ၏ လုပ်ရပ်များနှင့် ဆက်စပ်၍ သေဆုံးခဲ့ရသည်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ အသက် ကိုးလအရွယ်မှ အသက် ၁၈ နှစ်အထိ ကလေးဦးရေ ၂၅၅ဦး ဖမ်းဆီးခံခဲ့ရသည်ဟုလည်း နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကဆိုသည်။
ယင်းအနက် ကလေးဦးရေ ၁၉၁ဦး အကျဥ်းကျနေဆဲဖြစ်ပြီး ၂ ဦးမှာ သေဒဏ်ပေးခံထားရသည်။ ထိုအပြင်အရွယ်မရောက်သေးသည့် ကလေးသူငယ် ၈၈ ဦးမှာ ၎င်းတို့၏နေအိမ်များတွင် နေထိုင်နေစဉ်၊ ဆေးကုသရန်သွားရောက်စဉ်နှင့် ဆော့ကစားနေစဉ်အချိန်များတွင် ပစ်သတ်ခံရခြင်းဖြစ်သည်ဟု AAPPကို ကိုးကား၍ နိင်ငံတကာ သတင်းများက ဖော်ပြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတစ်ဦးဖြစ်သူ နော်စူဆန်နာလှလှစိုးကလည်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ အသက် ၁၈ နှစ်အောက် ကလေးဦးရေ ၂၈၇ ဦးမှာ ဖမ်းဆီးခံထားရသည်ဟု မကြာသေးမီက မီဒီယာများကိုပြောထားသည်။
အလုံမြို့နယ်တွင် အသက် ၃ နှစ်အရွယ်ကလေးငယ်ကို ဖမ်းဆီးခံသည့်ဖြစ်စဉ်နှင့်ပတ်သတ်၍ ကုလသမဂ္ဂအဖွဲ့ထံ အစီအရင်ခံထားပြီး ပြန်လည်လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသည်ဟု NUG၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က မီဒီယာများတွင် ပြောကြားထားသည်ကိုလည်း တွေ့ရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကလေးများသည် ပဋိပက္ခဒဏ်ကို ခံစားနေရပြီး အသတ်ခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ နေအိမ်များကို စွန့်ခွာထွက်ပြေးနေရခြင်းများ ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNIEF က ထုတ်ပြန်ထားပါသည်။ ကုလသမဂ္ဂ၏ စာရင်းများအရလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲများကြောင့် ကလေးသူငယ် တစ်သိန်းခွဲခန့်မှာ နေရပ်စွန့်ခွာနေရသည်။
ကလေးသူငယ်များသည် အဖြူရောင် စာမျက်နှာများသာ ဖြစ်ပါသည်။ သူတို့ကို အရောင်မဆိုးသင့်ပါ။ စိတ်ဒဏ်ရာ မရရှိစေသင့်ပါ။ ကလေးသူငယ်များကို ပစ်မှတ်မထားရန် လိုအပ်ပါသည်။ ကလေးသူငယ်များကိုပင်မချန် ရန်သူသဖွယ် လူမဆန်သည့်လုပ်ရပ်ကို အောက်တန်းကျစွာ ကျူးလွန်နေသည့် အဖွဲ့အစည်းမှာလည်း လူ့ဘောင်တွင် မရှိသင့်တော့သည့် အကြမ်းဖက်အဖွဲ့အစည်းပင် ဖြစ်ပါလိမ့်မည်။