ရန်ကုန်၊ ဧပြီ ၉
မကွေးတိုင်း ပခုက္ကူမြို့ပေါ်တွင် ယနေ့ ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်းက စတင် ကာ အကြမ်းဖက် စစ်တပ်က အမျိုးသား ၂ ဦး စီးနင်းလာသော ဆိုင်ကယ် များကို ပစ်ခတ်ဖမ်းဆီးရာ ပြည်သူ ၄ဦးဖမ်းဆီးခံထားရကြောင်း ဒေသခံ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စစ်တပ်က ပခုက္ကူမြို့ပေါ်ရှိ မြိုင်လမ်း၊ ပေါက်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်း၊ အမှတ်၁၂ ၊ မြို့အဝင်အထွက် နေရာများနှင့် လမ်းကြို လမ်းကြားများ ထိပါ လိုက်လံ ပစ်ခတ်ဖမ်းဆီးနေပြီး ဆိုင်ကယ် ၂ စီးနှင့် လူ ၄ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
” မြိုင်လမ်း၊ ပေါက်လမ်းဆုံ၊ ဗိုလ်ချုပ်လမ်း၊ အမှတ်၁၂၊ မြို့အဝင်အထွက်တွေနဲ့ လမ်းကြိုလမ်းကြားများထိပါ လိုက်ဖမ်းနေတာ ဆိုင်ကယ် ၂စီးနဲ့ ၄ဦး ဖမ်းဆီး ခံရတယ်။ အမှတ်၁၂ ပြည်တော်သာလမ်း ပေါ်မှာလည်း ပစ်ခတ် ဖမ်းဆီး ခံရတယ်။ အဲကိစ္စ အခြေအနေတော့ မသိရသေးဘူး။ လွတ်သွားလား။ ဖမ်းခံရလား ဆိုတာ စစ်ခွေးတွေက အင်အား အများအပြားနဲ့ကို လုပ်နေတာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ပခုက္ကူမြို့နယ် ကိုင်းစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃ဝမိနစ်ခန့်တွင် ကျေးရွာအတွင်း လက်နက်ကြီး များဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များရှိ ပစ္စည်းများကို ခိုးယူ လုယက်နေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
ကိုင်းကျေးရွာအနီးအနားတွင် မိုင်း ၇လုံးဖြင့် စစ်တပ်စစ်ကြောင်း ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် ပြည်သူများ နေထိုင်သည့် ကျေးရွာကို စစ်တပ်ကလက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ဗုံး ၇ လုံးပေါက်ပြီး သေနတ် ပစ်သံတွေ ဆူညံနေတည်းက ရွာသားတွေက ထွက်ပြေးတာ ပစ်သံတွေ ရပ်သွားတဲ့အချိန်မှာ စစ်တပ်က ရွာထဲကို လက်နက် ကြီးတွေနဲ့ ပစ်ပြီးတော့ ဝင်စီးတော့တာပဲ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူလုယက်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
စစ်ကောင်စီ တပ်ဖွဲ့များသည် လက်ရှိချိန်ထိ ကျေးရွာ အနီး အနားတွင် ကင်းပုန်းများ ချကာစောင့်ကြည့်နေသောကြောင့် ဒေသခံ ပြည်သူများ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။