ရန်ကုန်၊ ဧပြီ ၁၁
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်ဒေသတွင် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီတပ်က အမျိုးအမည်မသိသော အငွေ့များကို လေယာဉ်ဖြင့် ကျဲချသွားပြီးယင်းအငွေ့ရှုမိသူများသည် မူးမော်ခြင်း အပါအဝင် နေထိုင်မကောင်းသည့်အခြေအနေများ ကြုံတွေ့နေရကြောင်း ဒေသခံ KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“လေထုထဲ အမှုန့်လိုလိုအငွေ့တွေ ရှုမိသူတိုင်း အသားအရေတွေ ခုလို ပြာသလိုလို နီသလိုလိုဖြစ်နေတယ် မူးတယ်။ ကျောမှာ အဖုအနီကြီးတွေ ထနေတာ။ ဝမ်းတွေလည်းသွားကြတယ်။ အဲဒါ ကန်စွန်းရွက်တွေ ထောင်းတိုက်၊ အချိုရည်၊ ဓာတ်ဆားတွေတိုက်၊ သံပုရာရည်တွေတိုက် အဲလိုတွေလုပ်ရတယ်။ ဓာတု လက်နက်လား ဘာလား တော့မသိဘူး။ စစ်တပ်က လေယာဉ်နဲ့ကျဲချသွားတဲ့အငွေ့ရှုမိသူတိုင်းဖြစ်တာ” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။
ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ဖိုက်တာဂျက်လေယာဉ်များဖြင့် မီးခိုးငွေ့ အဖြူများကို လေးကေ့ကော် တစ်၀ိုက်ကို စစ်တပ်က ကျဲချသွားခြင်းဖြစ်ပြီး ယင်းအငွေ့များကို လေထုထဲ ပျံ့နှံ့လာချိန်တွင် ရှုမိသူများ နေထိုင်မကောင်းဖြစ်ခြင်းဟု သိရှိရသည်။
ဧပြီလ ၁၀ ရက်နေ့ ည ၁၂ နာရီအချိန်တွင်လည်း ဂျက်တိုက်လေယာဉ်များဖြင့် လေးကေ့ကော်ကို ဗုံးကျဲခဲ့ပြီး အဆိုပါ လေယာဉ်များသည် မင်္ဂလာဒုံလေတပ်စခန်းမှ စစ်လေယာဉ်များဖြစ်ကြောင်း၊ ည ၁၁ နာရီ ၃၀ မိနစ် အချိန် လေယာဉ်များစတင်ထွက်ခွာချိန်တွင် အလွန်ဆူညံကျယ်လောင်သံအသံများ ကြားရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ၂ စင်း။