25 C
Yangon

ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တတိယအကြိမ်မြောက် မီးတင်ရှို့ဖျက်ဆီး၊ တိမ်းရှောင်ပြည်သူများ၏ ကား ၁ စီး ဆိုင်ကယ် ၁ စီးနှင့် ဖုန်းများကို စစ်သားများ လုယူ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ယမန့် ဧပြီလ ၁၀ ရက်တွင် ဝင်ရောက်လာကာ နေအိမ်များကို တတိယအကြိမ်မြောက် မီးတင်ရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

“မနေ့ကတည်းက ကလေး-ဂန့်ဂေါလမ်းပိုင်း စစ်ကြောင်းထိုးလာပြီးတော့ မနေ့ညနေပိုင်းလောက် ကတည်းက ရွာကို မီးရှို့တာ ည ၇ နာရီခွဲလောက်အထိ မီးစတွေ မြင်ရတယ်၊ ဒီမနက်လည်း မီးရှို့နေကြတယ်။ ဒါနဲ့ပါဆိုရင် ရွာထဲကို စစ်သားတွေလာပြီး မီးရှို့တာ တတိယအကြိမ်မြောက်ပေါ့၊ ပထမအကြိမ်က နေအိမ် ၄၂ လုံး၊ ဒုတိယအကြိမ်က ၇၈ လုံး မီးလောင်ပြာကျတယ်။ ဒီတခေါက်က မီးစလည်း ကြီးတယ်၊ မီးခိုးလည်းများတဲ့ အနေအထားအရ ဒုတိယအကြိမ်ထက် ပိုများမယ်ထင်ပါတယ်” ဟု နတ်ချောင်းရွာ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့တွင် ကလေးနယ်တောင်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်
အကြမ်းဖက် စစ်သားများသည် လက်နက်ကြီးငယ် ပစ်ဖောက်ကာ ယမန်နေ့တွင် ရွာထဲသို့ ဝင်ရောက်လာပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“မနေ့က တိုက်ပွဲဖြစ်တယ်၊ ပြင်းထန်လားဆိုတာတော့ မသိဘူးပေါ့ဗျာ၊ ၁၅ မိုင်လောက်ဝေးတဲ့ ကလေးမြို့ပေါ်ကနေ လက်နက်ကြီး ပစ်ကူတွေထုတယ်၊ စစ်သားတွေက အင်အားက ကြားတာတော့ ၁၄၀-၁၅၀ လောက်ရှိတဘ်တဲ့၊ ထုံးစံအတိုင်းပဲ ဒီကောင်တွေက ရွာထဲကို ဝင်လာပြီဆို သေနတ်ဖောက်ပြီးဝင်လာတာပေါ့၊ ဝင်လာတာနဲ့ အကုန်ပြေးကြရတော့တာ၊ တချို့လည်း ကျန်နေရစ်တယ်ပေါ့။ အဲဒါ ရွာထဲက ရန်ကင်းကျောင်းမှာ ယာယီ ပုန်းနေကြတဲ့ ပြည်သူတွေရဲ့ ဖုန်းတွေ အကုန်လုံးကို လုသွားတယ်၊ ကား ၁ စီးနဲ့ ဆိုင်ကယ် ၁ စီးကိုလည်း ယူသွားတယ်ဆိုလား ခိုးသွားတယ် ဆိုလား ကြားတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသည့် နတ်ချောင်းကျေးရွာသားက ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် နတ်ချောင်းကျေးရွာအတွင်း၌ ရှိနေသေးပြီး ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ရှိ၊ မရှိနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ပျက်စီးဆုံးရှုံးမှုများ၊ ဖောက်ထွင်းခိုးယူခံရသည့် တန်ဖိုးအရေအတွက်များ အသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

ယမန်နေ့ ကလေးတောင်ပိုင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-KKG၊ CNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း CDF-KKG က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ကလေး-ဂန့်ဂေါ ကားလမ်းကို အသုံးမပြုကြရန် PDF-Kalay ကလည်း သတိပေးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article