ရန်ကုန်၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ဖောင်းပြင်မြို့နယ်အစပ်တွင် ဧပြီလ ၈ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေ ပျူ့သူ့စစ်အဖွဲ့များကို ဟုမ္မလင်း PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး ထက်မနည်းသေဆုံးကြောင်း သိရှိရသည်။
ဧပြီလ ၈ ရက် နံနက် ၅ နာရီတွင် ဟုမ္မလင်း၊ ဖောင်းပြင် အစပ်ရှိ လွင်ကြီးကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို HPDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကြောင်း ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁၁ ရက် နံနက်တွင် တောင်ကုန်းသာအနီး ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို ဟုမ္မလင်း PDF က မိုင်းဆွဲတိုက်ခိုက်ရာ ရာသီဥတုအခြေအနေကြောင့် မိုင်းမကွဲခဲ့ကြောင်း၊ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့ စခန်းတခုကို အင်အား ၄၀ ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက လာရောက် သိမ်းပိုက်ခဲ့ပြီး PDF ကင်းသမား ရဲဘော်က စောင့်ကြိုပစ်ခတ်၍ စစ်သား ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရရကြောင်း သတင်းရရှိသည်။
စခန်း ဝင်ရောက်စီးနင်းခံရမှုကြောင့် ပွိုင့်တူးတူး သေနတ် ၂ လက်၊ တူမီး ၅ လက်နှင့် ဆိုင်ကယ် ၄ စီးခန့် ဆုံးရှုံးသွားပြီး PDF များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။