ရန်ကုန်၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးထန်းဇင်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁၇ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၁ ရက်နေ့ နံနက် ၉နာရီ ၃ဝမိနစ်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများကိုလည်း စစ်တပ်က အကြောင်းမဲ့ ရိုက်နှက်သွားကြောင်း ဒေသခံများက ပြောဆိုသည်။
ဘန့်ဘွေးကျေးရွာတွင် တပ်စွဲထားသော စစ်သား၊ ရဲနှင့် ပျူစောထီးများ ပါဝင်သည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ပြည်သူပိုင်နေအိမ် ၁၇ လုံးနှင့် ဝက်ခြံများကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်တပ်က အဲလိုဝင်ပြီး သောင်းကျန်းတာ ၃ကြိမ်ရှိပြီ အခုက နေအိမ်တွေပါ ဝင်ပြီးမီးရှို့ဖျက်ဆီးသွားတာ ပြည်သူတွေလည်း အကြောင်းမဲ့ ရိုက်နှက်ခံရတယ်။ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ယူသွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။