32 C
Yangon

ကလေးမြို့နယ် နတ်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က တတိယအကြိမ် မီးတင်ရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀ မှ ၁၅၀ ကြား လောင်ကျွမ်းပြာကျ

Must read

ရန်ကုန်၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၁၀ ရက် ညနေပိုင်းနှင့် ယနေ့ နံနက်တွင် မီးတင်ရှို့ဖျက်ဆီးမှကြောင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်းအပါအဝင် ပြည်သူနေအိမ် ၁၀၀ မှ ၁၅၀ လုံးခန့် မီးလောင်ပြာကျသွားကြောင်း သတင်းရရှိသည်။

“ပထမတကြိမ် ဝင်ရှို့တုန်းက ၄၂ လုံး၊ ဒုတိယအကြိမ်တုန်းက ၇၈ လုံး၊ အခုက တတိယအကြိမ်က ပိုများပါတယ်။ ၁၀၀ နဲ့ ၁၅၀ ကြားလောက်ရှိမယ်လို့ ခန့်မှန်းတယ်၊ စစ်ကြောင်းကလည်း ဝေးဝေး မရောက်သေးတော့ စာရင်းက အတိအကျ မကောက်ရသေးဘူးဖြစ်နေတာ။ ညနေ ၄ နာရီလောက်က ပဲတင်တဲ့ကားတွေကို အရှေ့ကသွားခိုင်းပြီး အနောက်ကနေလိုက်ပြီး ရွာကထွက်သွားတယ်၊ အခုချိန်ထိ ရွာမြောက်ဘက် ၃မိုင် ၄ မိုင် လောက်အကွာမှာ PDF တွေနဲ့ တိုက်ပွဲဖြစ်နေဆဲ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခြင်းအသေးစိတ်နှင့် နှစ်ဖက်ကျဆုံးစာရင်းကို ကနဦးမသိရှိရသေးပေ။

နတ်ချောင်းကျေးရွာသည် အိမ်ခြေ ၂၅၀၀ ခန့်ရှိသော ကျေးရွာတရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ၃ ကြိမ် မီးတင်ရှို့မှုကြောင့် ပညာဗိမ္မာန်ကိုယ်ပိုင်အထက်တန်းကျောင်းအပါအဝင် နေအိမ်ပေါင်း ၂၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီ ဖြစ်သည်။

“မနေ့ကတည်းက ကလေး-ဂန့်ဂေါလမ်းပိုင်း စစ်ကြောင်းထိုးလာပြီးတော့ မနေ့ညနေပိုင်းလောက် ကတည်းက ရွာကို မီးရှို့တာ ည ၇ နာရီခွဲလောက်အထိ မီးစတွေ မြင်ရတယ်၊ ဒီကောင်တွေက မီးမရှို့ခင် အိမ်တွေထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ယူပြီးမှ အိမ်တွေကို မီးရှို့တာပေါ့” ဟု နတ်ချောင်းရွာရှိ အခြားရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ယနေ့နံနက်က ပြောဆိုထားခဲ့သည်။

ယမန်နေ့ ကလေးတောင်ပိုင်းဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် CDF-KKG၊ CNDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း CDF-KKG က သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ပြည်သူလူထုအနေဖြင့် ကလေး-ဂန့်ဂေါ ကားလမ်းကို အသုံးမပြုကြရန် PDF-Kalay ကလည်း သတိပေးတိုက်တွန်းထားသည်။

Photo – Aung Hsan Lin

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article