ရန်ကုန်၊ ဧပြီ ၁၃
မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ လက်ပံလှရွာကို စစ်တပ်က ဒုတိယအကြိမ် မီးတင်ရှို့လျက်ရှိနေပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
မဟာသင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၄၉ မိနစ်အချိန် မကွေးတိုင်း၊ပေါက်မြို့နယ် တောင်ပိုင်း၊လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်များမှ ဒုတိယအကြိမ် မီးရှို့နေကြောင်း၊ လက်ပံလှရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ရွာကိုနေ့စဉ် မီးရှို့လျက်ရှိပြီး ယနေ့တွင် ဒုတိယအကြိမ်မြောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“စစ်ကောင်စီရဲ့ယုတ်မာမှုကို သိပြီးသားပြည်သူတွေအနေနဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ထုတဲ့အခါ မထိခိုက်ရအောင်၊ မသေဆုံးရအောင်၊ မျက်နှာချင်းဆိုင်တွေ့ရင် အဖမ်းမခံရအောင်၊ အသတ် မခံရအောင်၊လုံခြုံတဲ့နေရာတွေမှာ ပုန်းရှောင်နေထိုင်ပေးကြပါ” ဟု Pauk Alliance Groupက သတိပေးချက် ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ်တွင် အင်အားအပြည့်ဖြင့် ကျေးရွာများသို့ လှည့်လည် ဖျက်ဆီးမှုများ လုပ် ဆောင်နေပြီး ပေါက်မြို့နယ် ရေပြာတံတားမြောက်ဘက် တွင် ဂိတ်ချ စစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။
ဓာတ်ပုံ- ယနေ့ မဟာသင်္ကြန်အကြိုနေ့ နံနက် ၇ နာရီဝန်းကျင် ရွာလုံးကျွတ် ဒုတိယအကြိမ် မီးရှို့ခံရသော ပေါက်မြို့နယ်၊ လက်ပံလှကျေးရွာ။



