ရန်ကုန်၊ ဧပြီ ၁၃
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ်အကြားတွင် ယမန်နေ့ ဧပြီလ ၁၂ ရက် ညနေ ၄ နာရီခန့်၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသော အိမ်စီးကား ၁ စီး၊ ၁၀ ဘီးကား ၁ စီးနှင့် ဘက်ဟိုးကား ၁ စီး ပျက်စီးပြီး စစ်သား ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဖရူဆိုမြို့အခြေစိုက် အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးသင်တန်းကြောင်းများဖြစ်ကြောင်း မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူကျေးရွာကြားတွင် တံတားပြုပြင်ရန် စစ်ကြောင်းထိုးလာစဉ် KNDF B15 နှင့် မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် အကြမ်းဖက်စစ်သားများကိုင်ဆောင်သော MA2 သေနတ် ၁ လက်၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်အချို့ကို သိမ်းဆည်းရိမ်ခဲ့ကြောင်း တိုက်ပွဲတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ်ဒဏ်ရာရခဲ့ကြောင်း KNDF တပ်ရင်း ၁၅ ထံမှ သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ လက်ပါးစေ ပျူစောထီးများ ပူးပေါင်းအင်အား ၂၀ ခန့်နှင့် ချောင်းဦး PDF တပ်ဖွဲ့ကြား ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီနှင့် ပျူစောထီးများသည် သေဆုံး ပျူစောထီးအလောင်းကို ကင်မွန်းတော်ရွာအတွင်းသို့ ပြန်လည် ဆွဲကာ ပြေးဝင်သွားကြောင်း ချောင်းဦး PDF က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၂ ရက် နံနက်တွင် အဆိုပါ် ကင်မွန်းတော်ရွာကို ရှော့တိုက်ဒုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မသိရှိရသေးကြောင်း၊ အလားတူ ချောင်းဦး-ပခုက္ကူလမ်းခွဲ၌ လမ်းသွားလမ်းလာ ခရီးသွားကားများထံမှ ဆက်ကြေးတောင်းနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု မသိရှိရသေးကြောင်း ချောင်းဦး PDF ထံမှ သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့၊ မြို့သစ် မြို့ရှောင်အာဆီယံလမ်းတွင် ကင်းပုန်းချထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ် တပ်ဖွဲ့များက ဧပြီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဗုံးပစ်တိုက်ခိုက်ရာ စစ်သား ၃ ဦး ဒဏ်ရာရကြောင်း၊ မွန်းလွဲ ၁ နာရီခွဲတွင် စက်မှုဇုန်လမ်းပိုင်း၌ စစ်ကောင်စီသတင်းပေး အိမ် ၁ လုံးကိုလည်း ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၁၃ ရက် နံနက် ၂ နာရီခန့်တွင့် မြို့သစ်လမ်းပိုင်း၌ စစ်ကောင်စီလက်ပါးစေ ပျူစောထီးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားရာ ပျူစောထီး ၃ ဦး သေဆုံးပြီး ၂ ဦးသေဆုံးသွားကြောင်း၊ တိုက်ခိုက်မှုများကို Southern YSO PDF၊ PAKOKKU NORTH PDF၊ KING COBRA PDF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
အလားတူ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် PDF အဖွဲ့သည် စဥ့်ကူး-ကျောက်မြောင်း ရတနာသိင်္ခမြစ်ကူးတံတား၊ စဥ့်ကူးတံတားဘက်ခြမ်းရှိ စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ – ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၅ မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းအချို့