ရန်ကုန်၊ ဧပြီ ၁၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့များ စခန်းချထားသော ကင်းစခန်းကို ယနေ့ ဧပြီလ ၁၆ ရက် နံနက်တွင် အမည်စိစစ်ဆဲအဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီး BGF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
“BGF စခန်း ပစ်ခံရတယ်၊ ၅ ယောက်သေတယ်၊ သေနတ်တွေ ပါသွားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
BGF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသည်ကို ဒေသ လူမှုကယ်ဆယ်ရေးအဖွဲ့က အတည်ပြုပြီး အလောင်းများကို သင်္ချိုင်းသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
“ဖြစ်စဉ်တော့ အတိအကျမသိဘူး၊ ဒီမနက် ၆ နာရီခွဲ ၇ နာရီလောက်က ပစ်ခတ်မှုဖြစ်တာပဲ၊ BGF ၅ ဦး သေတယ်၊ အလောင်းကို ကျနော်တို့ သင်္ချိုင်းကို ပို့နေပြီ” ဟု ချောင်းနှစ်ခွ လူမှုကယ်ဆယ်ရေးအသင်းဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အတ္တရံမြစ်ကူး ချောင်းနှစ်ခွတံတား၏ အနောက်ဘက်တွင် စခန်းချထားသော စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF ဂိတ်စခန်းကို အမည် စုံစမ်းအဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ပြီး ယခုလက်ရှိတွင် တံတားအနီးဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေး အထူးတင်းကြပ်နေကြောင်း သိရှိရသည်။
လွန်ခဲ့သည် မတ်လ ၁၉ ရက်နေ့တွင်လည်း အဆိုပါ ချောင်းနှစ်ခွ တံတားထိပ်ရှိ ရဲကင်းစခန်းကို အမည်မသိအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲ ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သေးသည်။
ဓါတ်ပုံ – ချောင်းနှစ်ခွ တံတားနှင့် စစ်ကောင်စီ ဂိတ်များ (ပုံအဟောင်းဖြစ်သည်)
Photo – CJ