25 C
Yangon

စစ်ကိုင်းတိုင်း တမူး၊ ပုလဲနှင့် ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၁၆ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ တမူးမြို့၊ မြို့မ (၁၂/က) ရပ်ကွက်၊ နန်းဖာလုံ အထက် တန်းကျောင်း (ခွဲ) ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဧပြီလ ၁၇ ရက် ည ၇ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း – ၁ နှင့် တပ်ရင်း – ၂ ၏ အထူးကွန်မန်ဒိုပူးပေါင်း တပ်ဖွဲ့ဝင်များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

PDF ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ တပ်ကြပ်အဆင့် တစ်ဦး အပါအဝင် စစ်သား ၄ ဦးသည် ကျောင်းရှေ့ လမ်းမပေါ်တွင် သေဆုံးသွားကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းနောက် တမူးမြို့ဘက်မှ လူနာတင်ကားများနှင့် စစ်ကားများ ရောက်လာပြီး သေဆုံးစစ်သားအလောင်းများကို ကောက်ယူသွားကြောင်း PDF Tamu တပ်ရင်း ၁ က သတင်းထုတ်ပြန်သည်။

အလားတူ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှ ထွက်ခွာလာသော ခမရ ၃၈၆မှ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းကို ကျေးနင်းကြီးရွာ မြောက်ဘက် အမှတ် (၆) ဆည်ဘောင်အနီးတွင် ယနေ့နံနက် ၁၀ နာရီခန့်အချိန် ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့၊ ပုလဲမြို့နယ်တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ Myaing Hero Generation၊ Guerilla Rangerနှင့် Local PDF များက ပူးပေါင်း၍ ပြောက်ကျား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်းသတင်းရရှိသည်။

ပစ်ခတ်မှုသည် နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့နံနက် ၈ နာရီခန့်တွင် ချောင်းဦးမြို့မှ ထွက်ခွာလာသော စစ်ကောင်စီကား ၂ စီးကို Chaung U Local Defence Force (CHU LDF)နှင့်မဟာမိတ် ညီနောင်အဖွဲ့များ ပူးပေါင်း၍ ချောင်းဦးမြို့နှင့် ငါးယှန်ရွာ ကြားတွင် အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခဲ့ရာ စစ်သား ၈ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

စစ်တပ်ပွိုင့်ကား ၁ စီး၊ အံစာတုန်းကား ၁ စီးဖြင့် လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်သားများ။

Photo- Agencies။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article