ရန်ကုန်၊ ဧပြီ ၁၈
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အား အခွန်ဆောင်ပြီး သစ်မှောင်လို လုပ်နေသည့် သစ်စက်နှင့် သစ်လုံး ၁၂၀ကျော်ကို ဒေသခံ ကာကွယ်ရေးနှင့် အုပ်ချုပ်ရေး အဖွဲ့များက ဧပြီလ ၄ ရက်နေ့နှင့် ၆ရက်နေ့တို့တွင် ဝင်ရောက် ဖမ်းဆီး ရမိခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။
အဆိုပါ သစ်မှောင်ခို လုပ်ဆောင်နေသူများကို ကန့်ဘလူ ခရိုင်အတွင်းရှိ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များ (ပကဖ)၊ ပြည်သူ့ လုံခြုံရေးရေးအဖွဲ့များ (ပလဖ )နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ ) တို့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သစ်စက်၊ သစ်လုံး ၁၂၀ ကျော်နှင့် သစ်မှောင်ခို ပြုလုပ်သူ ၇ဦးတို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
” သူတို့က အရင်တည်းက သစ်မှောင်ခို လုပ်နေတဲ့ သူတွေ စစ်တပ်ကို အခွန်ပေးတာတော့ ရှိတယ်။ ဖမ်းဆီးရမိသူက ၇ဦး သစ်မှောင်ခို ဆက်မလုပ်ဖို့ ပြောဆိုပြီး ပြန်လွှတ်လိုက်တယ်။ သူတို့ ခိုးထုတ်တာက ဘေးမဲ့ တောတွေထဲက သစ်တွေ သစ်စက် တစ်ခုနဲ့ သစ်လုံး ၁၂၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်” ဟု တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။



