ရန်ကုန်၊ ဧပြီ ၁၈
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကုက္ကိုလ်ကုန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် ပြည်သူ့လုံခြုံရေး (ပလဖ) အဖွဲ့များက ဧပြီလ ၁၂ ရက်နေ့၌ ရှောင်တခင် စစ်ဆေးနေစဉ် သိန်း ၉၀၀ ကျော် တန်ကြေးရှိ ဘိန်းဖြူများ တင်ဆောင်လာသော အိမ်စီးကား ၁ စီးကို ဖမ်းမိကြောင်း ကောလင်း ပ.က.ဖ က သတင်းထုတ်ပြန်သည်။
ရွှေဘိုဘက်မှ မြစ်ကြီးနားဘက်သို့ ယာဉ်မောင်း ဇော်မြင့်ဦး မောင်းနှင်လာသော AD Van အမျိုးအစား ကားပေါ်တွင် တစ်ထုပ်လျှင် ဆပ်ပြာခွက် ၁၁ ခွက်ပါသော ဘိန်းဖြူ ၃၅ ထုပ်၊ ဖုန်း ၂ လုံးနှင့် ငွေ ၁၉၄,၀၀၀ ကျပ် ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသော ဘိန်းဖြူများ အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။



