27 C
Yangon

စစ်ကောင်စီက စက်သုံးဆီ တင်သွင်းသူများအတွက် ဒေါ်လာ လိုသလောက် ရောင်းပေး၊ မရောင်းပေး မသိရသေး၍ စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းနေ၊ ဆီဆိုင်များက ခွဲတမ်းဖြင့် ဓာတ်ဆီနှင့်ဒီဇယ်ဆီများရောင်းချ

Must read

ရန်ကုန်၊ ဧပြီ ၁၉

စစ်ကောင်စီက တိုင်းပြည်အတွင်း အမေရိကန်ဒေါ်လာ အဝင်၊ အထွက်ကို ထိန်းချုပ်ထားမှုကြောင့် စက်သုံးဆီ တင်သွင်းသူများ စိုးရိမ်နေပြီး သွင်းကုန် တင်သွင်းသူများအတွက် အမေရိကန်ဒေါ်လာ လိုသလောက် မရောင်းပေးလျှင် စက်သုံးဆီတင်သွင်းမှု ထိခိုက်နိုင်ကြောင်း စက်သုံးဆီတင်သွင်းရောင်းချသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့မှစတင်ပြီး ဒေါ်လာငွေစာရင်းများအားလုံးကို မြန်မာကျပ်ငွေပြောင်းလဲရန်နှင့် သွင်းကုန်များတင်သွင်းလိုခြင်းအပါအဝင် ဒေါ်လာ အသုံးပြုမှုများကို စစ်ကောင်စီက ခွင့်ပြုမှသာ သုံးခွင့်ရမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီက ဒေါ်လာထုတ်ရောင်းပေးမှု မရှိသေးကြောင်း သိရှိရသည်။

“ဗဟိုဘဏ်က တစ်ဒေါ်လာ ၁၈၅၀ နဲ့ဖြတ်ပြီး ဒေါ်လာငွေစာရင်းတွေကို ကျပ်ငွေအဖြစ်ပြောင်းခိုင်းတယ်။ သွင်းကုန်တင်သွင်းသူတွေဘက်က စက်သုံးဆီ၊ ဆေးဝါး တင်သွင်းဖို့ ဒေါ်လာဝယ်ဖို့တင်ပြထားတာရှိတယ်။ အဲဒါ တစ်ဒေါ်လာကို ၁၈၅၀ နဲ့ပဲ ပြန်ရောင်းပေးမှာလား၊ လိုသလောက်ရောင်းပေးမလား အဲဒီအဖြေက တိတိကျကျ မသိရသေးဘူး။ အခု စက်သုံးဆီ မပြတ်သေးဘူး။ နောက်ထပ်တင်သွင်းမယ့် စက်သုံးဆီ အခြေအနေမသိသေးလို့ ချွေတာရောင်းနေရတာ။ စကစက ဘယ်လိုမူနဲ့ သွင်းကုန်သမားတွေကို ဒေါ်လာ ပြန်ရောင်းပေးမလဲ၊ ချပေးမလဲ အဲဒီအဖြေမသိရသေး တာ။ အခုက ဒေါ်လာ အဝင်အထွက်အားလုံးကို သူတို့က ထိန်းချုပ်ထားတာ။ အလားအလာ ဘာမှန်း မသိလို့ ဖြစ်နေတာပါ။ စကစက ဒေါ်လာသုံးစွဲမှုကို ထိန်းချုပ်ထားလို့ဖြစ်နေတာ” ဟု ဆီတင်သွင်းသူတစ်ဦးက ပြောသည်။

ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး စက်သုံးဆီအရောင်းဆိုင်များက ကားများကို ခွဲ တမ်းဖြင့် ဆီရောင်းချပေးနေကြောင်း ၊ ဆီဆိုင်အလိုက် ကားတစ်စီးလျှင် ရောင်းချပေးသည့် ခွဲတမ်းမတူညီကြောင်း၊ တချို့ဆီဆိုင်များက ကားတစ်စီးလျှင် ဆီ နှစ်သောင်းဖိုး ၊ တချို့ဆီဆိုင်များက ကားတစ်စီး ဆီ ငါးသောင်းဖိုး စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ရောင်းချကြကြောင်း သိရှိရသည်။

“မင်္ဂလာဒုံ ပြည်လမ်း Max ဆီဆိုင်မှာ ဓာတ်ဆီ 95 ကားတစ်စီး ၅၀၀၀၀ ဖိုး ပဲ ရောင်းပေးတယ်။ ဆီအဝင် မရှိသေးလို့ ပြောတယ်။ ဒါကြီးဘယ်လောက်ကြာမလဲဆိုတာလည်း မသိဘူးပြောတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စက်သုံးဆီသုံးစွဲမှုနှင့် တင်သွင်းမှုကို လျှော့ချရန် မကြာခဏ ဆိုသလို အစည်းအဝေးများတွင် ထုတ် ဖော်ပြောဆိုထားပြီး စစ်ကောင်စီခန့်အပ်ထားသော ရာထူးကြီးများအတွက်လည်း ပေးနေသော စက်သုံးဆီခွဲတမ်းများကို ယခု ဧပြီလမှစတင်ပြီး လျှော့ချမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ယနေ့ ဆီဆိုင်များတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ ဝယ်ယူရန် စောင့်ဆိုင်းနေသော ယာဉ်တန်းကြီးများ ရှည်လျားလွန်းပြီး စက်သုံးဆီ ဝယ်ယူထားရန် တိုးကြိတ်နေကြကြောင်း သိရှိရသည်။

စစ်ကောင်စီက ဒေါ်လာဝင်ငွေမှန်သမျှကို တစ်ဒေါ်လာ ၁၈၅၀ ဖြင့် မြန်မာငွေ ပြောင်းလဲခိုင်းထားပြီး ဒေါ်လာ အသုံးပြုလိုလျှင် နိုင်ငံခြားဝင်ငွေ ဝယ်ယူခွင့်လျှောက်ထားရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီက စိစစ် ခွင့်ပြုချက်ဖြင့်သာ ဒေါ်လာ အသုံးပြုရမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ- ယနေ့နံနက် ၅ နာရီမှစတင်ပြီး ရန်ကုန်တွင် ဆီတန်းစီနေကြသည့် ကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article