ရန်ကုန်၊ ဧပြီ ၁၉
ကရင် အမျိုးသား အစည်းအရုံး (KNU) ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၊ BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA၊ KNDO၊ ပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ လဆန်းပိုင်းမှ စ၍ ၁၅ ရက်တာ အတွင်းဖြစ်ပျက်ခဲ့သော တိုက်ပွဲများတွင် စစ်သားနှင့် BGF တပ်ဖွဲ့ဝင် ၈၇ ဦးသေဆုံးခဲ့ကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ထုတ်ပြန်ချက်အရ သိရသည်။
KUN ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေတွင် အကြမ်းဖက် စစ်တပ်နှင့် နယ်ခြားစောင့် BGF တပ်များက စစ်ရေးလှုပ်ရှားမှုနှင့် ထိုးစစ်ဆင်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး ၁၅ ရက်တာအတွင်း တိုက်ပွဲပေါင်း ၅၅ ကြိမ် ဖြစ်ပွားကာ စစ်သားနှင့် BGF တပ်ဖွဲ့ဝင် ၈၇ ဦးသေဆုံးပြီး၊ ၄၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင် အမျိုးသား ကာကွယ်ရေး တပ် KNDO နှင့် ပူးပေါင်း တပ်ဖွဲ့ဝင် ရဲဘော် ၁၂ ဦး ကျဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ၁၅ ရက်တာ ကာလအတွင်း လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများ အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၄ဦးသေဆုံးကာ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ်အတွင်းရှိ တိုက်ပွဲများတွင် လေယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အပြန်အလှန် ပစ်ခတ်မှုများ တိုက်ပွဲကြီးများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ


