ရန်ကုန်၊ ဧပြီ ၁၉
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဖမ်းဆီးသွားသော စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ရွာသား ၄ ဦးမှာ ယခုအချိန်ထိ ပြန်လွတ်မြောက်လာခြင် မရှိသေးဘဲ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် နောင်ကောက်အုပ်စု ပိန္နဲကုန်းရွာကို ဧပြီ ၉ ရက်နေ့တွင် ဝင်ရောက်ကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာတွင်း၌ တပ်စွဲထားကြောင်း၊ ဧပြီလ ၁၁ ရက် ရွာမှ ပြန်လည် ထွက်ခွာသွားစဉ် ရွာသား ၄ ဦးကို ဖမ်းဆီးသွားကြောင်း၊ ယနေ့ ဧပြီလ ၁၉ ရက်နေ့အထိ ဖမ်းဆီးခံရွာသားများ ပြန်လွတ်လာခြင်းမရှိသေးဘဲ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“ပူပန်နေရတာပေါ့ဗျာ။ ကျွန်တော်တို့က ကုန်းစည်းရွာရောက်ရင် လွတ်မယ်လို့ ထင်တာ။ မလွတ်ထားခဲ့ဘူး။ အခု ခင်လှအနောက်ကို ရောက်သွားပြီတဲ့။ ညက ခပေါင်းရုံမှာ အိပ်တာဗျ” ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဖမ်းဆီးခံရသူများမှာ ကိုခင်မောင်ဝင်း၊ ကိုခင်မောင်လွင်၊ ကိုဇင်ဝိုင်းနှင့် အသက် ၁၃ နှစ်အရွယ် မောင်လင်းကိုဦးတို့ ဖြစ်ကြကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဝင်များ ထောင်ထားသည့် မိုင်းနင်းမိပြီး ရွာသားတစ်ဦး ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီဝင်များသည် နောင်ကောက်ရွာမှ ဒေသခံ ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကြားသိရပြီး ကုန်းစည်းရွာနှင့် ဝေလမူရွာသို့ ရဟတ်ယာဉ်ဖြင့် စစ်သားများ ချကာ စစ်ကြောင်းဝင်စဉ် CDM ကျောင်းဆရာမ ၃ ဦးနှင့် ဒေသခံ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကြားသိရပြီး အခြေအနေအတိအကျကို မသိရကြောင်း ပိန္နဲကုန်းရွာခံများထံမှ သိရှိရသည်။