ရန်ကုန်၊ ဧပြီ ၂၀
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ ၃၁ ကားဂိတ်အနီးတွင် ယနေ့ ညနေ ၄ နာရီခွဲ ဝန်းကျင်အချိန် Taxi တစ်စီးကို စစ်ကားဖြင့် တိုက်ပြီး ကားပေါ်ပါ လူငယ် ၃ ဦးကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း မျက်မြင်တွေ့ရှိရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“အခု ညနေ ၄ခွဲလောက်က မြင်သာ ၃၁ ကားဂိတ်မှတ်တိုင်မှာ ကလေး ၃ ယောက် အဖမ်းခံလိုက်ရတယ်။ Taxi ကားပေါ် တက်ပြေးတဲ့အချိန် ကားချင်းတိုက်ပြီးဖမ်းလိုက်တာ။ မိသွားတယ်။ မိန်းကလေး ၂ယောက် ယောကျ်ားလေး တစ်ယောက်။ ၃ ဦးတော့ အဖမ်းရတာတွေ့တယ်”ဟု မျက်မြင်တွေ့ရှိရသူ ပြည်သူတစ်ဦးက ပြောသည်။
ရန်ကုန်ကင်းထောက်အဖွဲ့လည်း လူငယ် ၃ ဦး တောင်ဥက္ကလာ မြင်သာမှတ်တိုင်တွင် ကားချင်းတိုက်၍ ဖမ်းဆီးခံရကြောင်းကို အတည်ပြုပြီး စစ်သား ၆ ဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အတည်ပြုသည်။
စမ်းချောင်းပင်မသပိတ်စစ်ကြောင်းကမူ သပိတ်ရဲဘော်များပါဝင်သော သပိတ်ပွဲလုပ်နေသည့်နေရာကို စစ်တပ်က ကားဖြင့်တိုက်ပြီး ပိတ်ဆို့ ဖမ်းစီးမှုများလုပ်ခဲ့ကြောင်း၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲဘော်များအားလုံး နှင့် အခြားအဖွဲ့မှရဲဘော်များအားလုံး ဘေးကင်းလုံခြုံသောနေရာတွင်ရောက်ရှိနေပါကြောင်း၊ လမ်းပေါ်တွင်တွေ့သော သပိတ်နှင့် ပတ်သက်ခြင်းမရှိသော ပြည်သူများကို စစ်တပ်က ဖမ်းဆီးလျက်ရှိကြောင်း ယနေ့ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်သည်။



